Sunday, November 1, 2015

၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ထုတ်ပြန်ကြေညာ စာပေလောကတွင် ထင်ရှားကျော်ကြားသည့် မြဇင်၊ မောင်ပေါ်ထွန်းနှင့် ကိုလေး(အင်းဝဂုဏ်ရည်)တို့ရရှိ

ရန်ကုန် အောက်တိုဘာ ၃၁

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးအားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ဆရာကြီးဦးဝင်းဖေ(မြဇင်)၊ ဆရာကြီးဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)နှင့်ဆရာကြီးဦးကိုလေး(ကိုလေး-အင်းဝဂုဏ်ရည်)တို့အား ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်သည်။


အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင် ၇၂ ဦးကို ဘာသာရပ်အလိုက် အဖွဲ့ ငယ် ၁၃ ဖွဲ့ ဖွဲ့စည်းပြီး စာပေဆုများရွေးချယ်ခဲ့ရာ အဖွဲ့ငယ်တစ်ဖွဲ့လျှင် အမျိုးသားစာပေတစ်သက် တာဆုချီးမြှင့်ရန် ဆရာကြီး သုံးဦးစီ အမည်စာရင်းကို အဆိုပြုတင်သွင်းစေပြီး အဆိုပြု တင်သွင်းခြင်းခံရ သော ဆရာကြီးများကို ကော်မတီဝင်တစ်ဦးချင်းစီက ကော်မတီဝင်စာပေ ပညာရှင်များအားလုံးရှေ့မှောက် တွင် ပွင့်လင်းမြင်သာစွာ ဆန္ဒမဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားစာပေတစ်သက်တာဆုကို ၂ဝဝ၁ ခုနှစ်ကပင် စတင်ချီးမြှင့်ခဲ့ပြီး ဆုရရှိပြီးသော ပညာ ရှင်ကြီးများမှာ စည်သူဦးလှကြိုင်(ပါရဂူ)(ကွယ်လွန်)၊ စည်သူဦးထင်ဖတ်(မောင်ထင်)(ကွယ်လွန်)၊ စည်သူ ဦးဌေးမောင်(ဌေးမောင်)၊ စည်သူ ဦးလေးမြိုင် (လေးမြိုင်)၊ စည်သူဒေါ်ရင်ရင်(စောမုံညင်း) (ကွယ်လွန်)၊ စည်သူဒေါ်ကြန်(မကြန်)၊ စည်သူ ဦးကြည်အေး(ဆင်ဖြူကျွန်းအောင်သိန်း)၊ စည်သူ ဒေါက်တာကျော်စိန် (ဒေါက်တာကျော်စိန်) (ကွယ်လွန်)၊ စည်သူ ဒေါက်တာခင်မောင်ညွန့်၊ စည်သူ ဒေါက်တာသော်ကောင်း၊ ဦးဝင်းမောင် (မင်းယုဝေ)၊ ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဦးအောင်သင်း (အောင်သင်း) (ကွယ်လွန်)၊ ဦးတင်မောင်(သိပ္ပံမှူးတင်)(ကွယ်လွန်)၊ ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး)တို့ ဖြစ်ကြသည်။ ၂ဝ၁၂ ခုနှစ်မှစ၍ အမျိုးသားစာပေတစ်သက်တာဆုရှင် သုံးဦးအထိ တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသောအားဖြင့် စာပေ ပညာရှင်ကြီး သုံးဦးကို ဆက်လက်ရွေးချယ် ချီးမြှင့် ခဲ့ခြင်းဖြစ်သည်။

ဆုငွေများချီးမြှင့်ရာတွင်လည်း ယခင်က အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ခြောက်သိန်းအထိ ချီးမြှင့်ခဲ့ရာမှ ယခုအစိုးရ လက်ထက် ၂ဝ၁၁ ခုနှစ်တွင် ၁ဝ သိန်းထိလည်း ကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁၅ သိန်းထိလည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ၂၅ သိန်းထိ လည်းကောင်း အဆင့်ဆင့်တိုးမြှင့်ခဲ့ရာ ယခုနှစ်တွင်လည်း ၂၅ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။


အဆိုပါဆုများကို ဒီဇင်ဘာ ၁၂ ရက်(စနေနေ့)တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူ ဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment