Saturday, October 31, 2015

သာကေတမြို့နယ်၌ ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ NLD ပါတီဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရ၊ ပြစ်မှုကျူးလွန်သူများ အား ချက်ချင်း ဖမ်းဆီးအရေးယူ ထား၊ ပြစ်မှုကျူးလွန်သူများမှာ မည်သည့်ပါတီဝင်မျှ မဟုတ်ကြောင်း သိရှိရ

 ရန်ကုန် အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မာန်ပြေ (၈) လမ်းထိပ်ရှိ ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်ယူရာမှာ စကားများ ရန်ဖြစ်ပြီး အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ် မာန်ပြေ (၃)ရပ်ကွက် မာန်ပြေ(၈)လမ်း ထိပ်တွင် နေထိုင် သည့် ဇော်လတ်သည် အဆိုပါလမ်းထိပ်ရှိ မာမီကွမ်းယာဆိုင်၌ ကွမ်းယာ ၀ယ်ယူစဉ် (၈)ရပ်ကွက် NLD အတွင်းရေးမှူး ဦးအောင်ကျော်ကျော်နှင့် စကားများခဲ့ ကြကြောင်း၊ ထို့နောက် ထိုးကြိတ်မှုဖြစ်ပွားပြီး ဇော်လတ်က နေအိမ်ရှိ အရှည်နှစ်ပေခွဲ ခန့်ရှိဓားယူ၍ ကွမ်းယာဆိုင်သို့ ပြန်လာခဲ့ပြီး ဦးအောင်ကျော်ကျော်ကို မတွေ့ရဘဲ (၉) လမ်းထိပ်ဘက်တွင် NLD ပါတီစည်းရုံးရေးကားနှင့် လူအုပ်ကြီးကို တွေ့သဖြင့် ဓားဖြင့်တိုက်ခိုက် ခဲ့ကြောင်း၊ ဇော်လတ်၏ ဘက်မှ ထက်အောင်လှိုင် (ခ) ထက်ကို နှင့် မျိုးမင်းခိုင်တို့ကလည်း တုတ်များဖြင့် အဆိုပါ လူအုပ်အား ၀င်ရောက်ရိုက်နှက်ခဲ့ ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဓား၊ တုတ်များဖြင့် ရန်ပြုခဲ့မှုကြောင့် NLD ပါတီဝင် ရန်ကုန် တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း၊ မာန်ပြေ (၃) ရပ်ကွက် NLD ပါတီ အလုပ်အမှုဆောင် ဦးကျော်သူနှင့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် - ၂ မှ လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ် သက်ထားနွယ်ဝင်း၏ ကိုယ်စားလှယ် ဒေါ်သန္တာမော်တို့သုံးဦးမှာ ဒဏ်ရာများရခဲ့သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ သုံးဦးအား သာကေတမြို့နယ် အမှတ် (၁) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ချက်ချင်း ဖမ်းဆီးပြီး အမှုဖွင့်အရေး ယူထားကြောင်း၊ ပြစ်မှုကျူးလွန်သူ ဇော်လတ်မှာ မည်သည့် ပါတီဝင်မျှ မဟုတ်ဘဲ သာမန် အရပ်သားတစ်ဦးသာဖြစ်ကာ အရက်သေစာသောက်စား ထားသည်ကို တွေ့ရှိရကြောင်း၊ ယခု ဖြစ်စဉ်သည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း၏ ရန်ဖြစ်ပွားမှုသာဖြစ်ပြီး ပါတီစည်းရုံးရေးကိစ္စ ဆောင်ရွက်နေ မှုနှင့် သက်ဆိုင်မှု မရှိကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများမှ ဖျော်ဖြေရေးယာဉ်များ အချင်းချင်းနှင့် ပါတီစည်းရုံးရေး အဖွဲ့များ တစ်ဖွဲ့နှင့် တစ်ဖွဲတွေ့ဆုံပါက ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး တစ်ဦးနှင့် တစ်ဦး လေးစားစွာ ဆက်ဆံကြကာ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားခြင်းမရှိဘဲ ထိန်းထိန်းသိမ်း သိမ်းဖြင့် ရွေးကောက်ပွဲမတိုင်မီ တည်ငြိမ်အေးချမ်းစေရေးနှင့် ရွေးကောက်ပွဲ၏ ပုံရိပ်ကို ထိခိုက်မှုမရှိအောင် ဆက်ဆံဆောင်ရွက်နေသည်ကို တွေ့မြင် သိရှိနေရသည်။
အလားတူ တရားဥပဒေဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြစ်မှုဖြစ်ပွား ပါက မည်သည့် ဘက်ကိုမျှ ဘက်လိုက်ခြင်းမပြုဘဲ မျှမျှတတ အရေးယူဆောင် ရွက်ခြင်း ဖြင့် ရွေးကောက်ပွဲ မတိုင်မီ တည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲကာလတည်ငြိမ် အေးချမ်းရေးနှင့် ရွေးကောက်ပွဲပြီးတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွား မည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment