Friday, October 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပဲခူးမြို့နယ် မဇင်း ရေလှောင် တမံနှင့် ဆည်မြောင်း နည်းပညာရပ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေး လေ့ကျင့် ဆောင်ရွက် နေမှုများအား ကြည့်ရှု စစ်ဆေး

နေပြည်တော် အောက်တိုဘာ ၃၀
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာ သန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်ကျော်ဇော၊ ဒုတိယဝန်ကြီးများ၊ တာဝန် ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။




ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အတွင်းရှိ မဇင်း ရေလှောင်တမံသို့ ရောက်ရှိရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဒေသခံ ပြည်သူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတသည် မဇင်း ရေလှောင်တမံ စီမံကိန်း ရှင်းလင်း ဆောင်သို့ မော်တော်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာရာ တမံ တစ်လျောက်တွင်လည်း ဒေသခံ ပြည်သူများက နိုင်ငံတော် အလံငယ်များကို ဝှေ့ယမ်း၍ သောင်းသောင်း ဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။
 နိုင်ငံတော် သမ္မတသည် အဖွဲ့ဝင်များနှင့် အတူ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့က မဇင်း ရေလှောင်တမံ ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း ရည်ရွယ်ချက်၊ နှစ်အလိုက် မိုးရေချိန်၊ ရေဝင်ရောက်မှု၊ ရေထုတ်လွှတ် ပေးနိုင်မှုနှင့် ပဲခူးမြို့ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မဇင်း ရေလှောင်တမံမှ ပဲခူးမြို့သို့ သောက်သုံး ရေနှင့် စိုက်ပျိုးရေ ပေးဝေနေမှုနှင့် ပတ်သက်ပြီး မှာကြားရာတွင် မဇင်း ရေလှောင်တမံနှင့် ဇလတ်ထော် ရေလှောင် တမံတို့သည် အသစ် တည်ဆောက်မည့် ဟံသာဝတီ လေဆိပ် အနီးတွင်  တည်ရှိနေသည့် အတွက် နောင်ဖွံ့ဖြိုး တိုးတက် လာမည့် မြို့ပြနှင့် လူဦးရေကို မျှော်မှန်း၍ ကြိုတင် တွက်ဆ ဆောင်ရွက် သွားရန်နှင့် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ ကိုလည်း ဆောလျင်စွာ အကောင် အထည်ဖော် ဆောင်ရွက် ကြရန် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် မဇင်း ရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေနှင့် ရေသိုလှောင် ထားရှိမှု အခြေအနေများကို တမံရှုရပ်မှ ကြည့်ရှု စစ်ဆေးသည်။
မဇင်း ရေလှောင်တမံသည် ပဲခူးမြို့၏ အနောက်ဘက်ရှိ မဇင်းချောင်း နှင့်ကြက်သောင်းချောင်းဆုံအထက် ပေ(၅၀၀)ခန့် အကွာတွင် တည်ရှိပြီး ပဲခူးမြို့ အတွက် သောက်သုံးရေနှင့် စက်ရုံ၊ အလုပ်ရုံသုံး ရေနေ့စဉ် ဂါလန်(၁၁)သန်းပေးဝေရန်၊ ပဲခူးမြို့ အတွင်းရှိ မဲခုန် ကျေးရွာအုပ်စုနှင့် ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စုရှိ လယ်မြေဧက (၆၅၀)ခန့်ကို စိုက်ပျိုးရေ ပေးဝေရန်၊ ပဲခူးမြို့နှင့် ပတ်ဝန်းကျင် ဒေသများ မိုးရာသီမြစ် ရေကြီးမှုမှ တစ်စိတ် တစ်ဒေသ ကာကွယ် ပေးနိုင်ရန်၊ ပတ်ဝန်းကျင်ဒေသများ စိမ်းလန်း စိုပြည်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက် ထားသည့်  မြေသား ရေလှောင်တမံ အမျိုးအစား ဖြစ်သည်။
ပဲခူးမြို့သည် ပဲခူး မြစ်ကမ်းဘေးတွင် တည်ရှိပြီး မြေနိမ့် လွင်ပြင်ဖြစ်၍ ပဲခူးမြစ် ရေကြီး ရေလျှံမှုကို နှစ်စဉ် ကြုံတွေ့ နေရသည့် အတွက် မဇင်းတမံမှ ပဲခူးမြစ်အထိ မဇင်းချောင်း တူးဖော်ခြင်း လုပ်ငန်းနှင့် ခေါင်းဆေးကျွန်း တံတားမှ ပဲခူးမြစ်အထိ ခေါင်းဆေးကျွန်းချောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်းကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်များတွင် ရေကြီး ရေလျှံမှုနှင့် ခေါင်းဆေးကျွန်း တံတား အနီးရှိ ရန်ကုန်- မန္တလေး ကားလမ်း ရေကျော်ခြင်းတို့မှ လျော့ပါး သက်သာစေပြီး ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုများမှ ကာကွယ် ပေးလျက် ရှိသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် မဇင်း ရေလှောင်တမံမှ နှစ်မိုင်အကွာတွင် တည်ရှိသည့် ဆည်မြောင်း ပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲသို့  မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ လမ်းတစ်လျှောက် ဝဲယာမှ ဒေသခံ ပြည်သူများက ကြိုဆို နှုတ်ဆက်ကြသည်။
နိုင်ငံတော် သမ္မတနှင့်အဖွဲ့ဝင်များသည် ဆည်မြောင်း ပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲ (မဇင်း) ဘက်စုံ သင်တန်းခန်းမသို့ ရောက်ရှိရာ ဆည်မြောင်း ဦးစီးဌာန၊ လေ့ကျင့်ဌာနခွဲ (မဇင်း)၏ နောက်ခံသမိုင်း၊ ဆည်မြောင်း နည်းပညာရပ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လေ့ကျင့် ပေးနေမှု၊ နည်းပညာ ပူးပေါင်း လုပ်ဆောင်မှုများနှင့် သင်တန်းများ ဖွင့်လှစ် ပို့ချနေမှု အခြေအနေများကို ဗီဒီယို မှတ်တမ်းဖြင့် တင်ပြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် လေ့ကျင့်ရေး ဌာနခွဲအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များနှင့် ဆည်မြောင်း တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများ အရည်အသွေး စမ်းသပ်ခန်း၊ ဓာတ်ခွဲခန်းများနှင့် ဆည်မြောင်း ဒီဇိုင်းပုံစံငယ် အခန်းတို့အား လှည့်လည် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
ဆည်မြောင်း ဦးစီးဌာနတွင် ဆည်မြောင်း ပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲ (မဇင်း)နှင့် ဆည်မြောင်း ပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲ (ပုသိမ်ကြီး)တို့ ပါဝင် ဖွဲ့စည်း ထားရှိပြီး (မဇင်း) ဌာနခွဲကို ဂျပန်နိုင်ငံ အစိုးရ၏ အကူအညီဖြင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လေ့ကျင့် ပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဲခူးမြို့၌ ၁၉၈၈ ခုနှစ် မတ်လက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်း၍ စီမံကိန်း အဆင့် (၁)ကာလတွင် ကွန်ပျူတာ အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ မိုးလေဝသ၊ သဘာဝတို့နှင့် လိုက်လျော ညီထွေ ဖြစ်မည့် ဆည်မြောင်း လုပ်ငန်းများ အတွက် ဒီဇိုင်း စံညွှန်းများ ပြုစု ရေးဆွဲခြင်း၊ တည်ဆောက်ရေး ပစ္စည်းများ ဓာတ်ခွဲ စမ်းသပ်ခြင်းနှင့် ဗဟုသုတများ မြှင့်တင်ပေးရန် အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ စီမံကိန်းအဆင့် (၂) ကာလတွင် နိုင်ငံတော်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကြေး မြောက်မြားစွာဖြင့် တည်ဆောက်ခဲ့သော ဆည်မြောင်း စီမံကိန်းများ၏ အကျိုး သက်ရောက်မှုများ စနစ်တကျ တိုးတက် ကောင်းမွန် လာစေရန် အဓိက လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

No comments:

Post a Comment