Friday, October 30, 2015

အစိမ်းရောင်စီးပွားရေးလမ်းကြေင်း ပူးပေါင်းလျှောက်လှမ်းမှုမှသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

ပြင်ပတစ်နေရာမှ ပြန်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင် ဦးဝင်းနိုင်က ရုံးခန်းတွင်းရှိ ရွေ့လျား လေအေး ပေးစက်ကို အမြင့်ဆုံးသို့မြှင့်သည်။ လေတိုက် အားပြင်းထန်မှုနှင့်အတူ အလုပ်စားပွဲပေါ်မှ ကျောက်စိမ်းဖြင့် ထုဆစ်ထားသည့် ပန်းပုကျွန်းသစ် သဏ္ဌာန်အရာနှင့် ဆင်ရုပ်ကလေးကို ချိတ်ဆက်ထား သောရွှေကြိုးမှ တချွင်ချွင်မြည်သံကို နားစွင့်ရင်း green economy ဆိုတာ အားလုံးနဲ့ သက်ဆိုင်ပါ တယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ ဖွံ့ဖြိုး တိုးတက်မှုကသာ နိုင်ငံအတွက်၊ ကမ္ဘာအတွက် အောင်မြင်တဲ့ စီးပွားရေး တစ်ရပ်ဖြစ် လာမှာ''ဟု စတင် ဖြေကြားရင်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းမှုဆိုင်ရာများ အကြောင်း မြန်မာ့ အလင်း၏ မေးမြန်းချက်ကို စတင်ဖြေကြားသည်။

စီးပွားရေးအောင်မြင်မှုရရှိရန် ဆယ်စုနှစ် သုံးစု လုပ်ဆောင်ခဲ့သည့် သူ့ရည်မှန်းချက်သည် အကျိုး အမြတ်ဖြစ်ခဲ့သော်လည်း နာဂစ်ကဲ့သို့ သဘာဝဘေး ဒဏ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးနောက် သစ်ထုတ်လုပ် ရေး လုပ်ငန်းကိုရပ်နားခဲ့သည်မှာ ၂ဝ၁ဝ ပြည့်နှစ် ကတည်းကပင်ဖြစ်သည်။
သစ်ထုတ်လုပ်မှုကို နိုင်ငံတော်က ကန့်သတ်လိုက် သည့်အခါ အစိမ်းရောင်စီးပွားရေးလမ်းကြောင်းပေါ် သို့ ပြောင်းရွှေ့ကာ သဘာဝသယံဇာတ ပြန်လည်ကုစား ရေး၊ အမြဲစိမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို အလွန် ပင်ဂုဏ်ယူမိကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။
''ပုံမှန်အတိုင်းဆက်သွားရင် ထိခိုက်မှာက နိုင်ငံ အပါအဝင် မျိုးဆက်သစ်တွေအားလုံးပါဝင်လိမ့်မယ်။ ကျွန်တော်တို့နိုင်ငံမှာ သဘာဝသယံဇာတတွေဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးကျန်နေ သေးတယ်။ သို့သော် အခုထုတ်လုပ်မှုအတိုင်း ဆက်သွားနေမယ်ဆိုရင် နောင် ၁ဝ နှစ်အတွင်းမှာ သဘာဝ တရားကြီး ပျက်စီးသွားပြီး သဘာဝဘေး ကျိန်စာသင့်ရတော့မယ်။ နိုင်ငံတကာမှာ တိုးတက်မှု တွေအတွက် များပြားတဲ့ သစ်တောကြီးတွေ ပြုန်းခဲ့ကြ ပြီး ရာသီဥတုဘေးတွေ မကြာခဏဖြစ်ပေါ်နေတယ်။ ကျွန်တော် တို့ဆီမှာလည်း နာဂစ်ကနေစလို့ သဘာဝ ဘေးကို မကြာခဏကြုံလာခဲ့ကြရပြီ။ သစ်တောပြုန်း တီးမှုနဲ့ ဂေဟစနစ် ပျက်ယွင်းလာမှုတွေဟာ အစိမ်း ရောင်စီးပွားရေးဖော်ဆောင်မှုကို တွန်းအားဖြစ်စေခဲ့ပါ တယ်။ ကိုယ့်အလုပ်ရုံ၊ စက်ရုံဝန်းကျင် စိမ်းလန်းစိုပြည် ရေးကနေ တစ်နိုင်ငံလုံး သဘာဝဘေးပြန်လည်ကုစား ရေးအတွက် အများကြီးလုပ်ဆောင်ကြဖို့ လိုအပ်နေ တယ်။ အစိမ်းရောင်စီးပွားရေး (green economy)ကို ဒီအချိန်မှာ မကူးပြောင်းရင်မဖြစ်တော့ဘူး''ဟု ဦးဝင်းနိုင်က ဆက်လက်ပြောကြားသည်။
တိုးတက်ဖွံ့ဖြိုးလာသည့် ၂ဝ ရာစုနောက်ပိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် သဘာဝသယံဇာတများ ဆုံးရှုံးခဲ့ရပြီး သစ်တောပြုန်း တီးမှု၊ ဂေဟစနစ်များ ပျက်ယွင်းမှုနှင့် နောက်ဆက်တွဲအကျိုးဆက်များဖြစ် သည့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ ဓာတ်သတ္တု များကြောင့် ကုန်းနေ၊ ရေနေသတ္တဝါများအတွက် ဂေဟစနစ် ပြောင်းလဲခြင်း၏ အန္တရာယ်များ ကြုံတွေ့ နေမှုနှင့် လူသားတို့၏ ကျန်းမာရေးထိခိုက်ချို့ယွင်း လာမှုတို့ကို ရင်ဆိုင်နေကြရသည်။
မြန်မာနိုင်ငံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် သဘာဝသယံဇာတများကို ထုတ်ယူ သုံးစွဲနေရသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ရေရှည် တည်တံ့သည့် Rio+2 ကြေညာချက်များနှင့်အညီ ကာဗွန် ထုတ်လွှတ်မှုနည်းပါးသည့် စီးပွားရေးလုပ်ငန်း များအဖြစ် ဆောင်ရွက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲမှုမြင့်မားရေး၊ သစ်တောများ၊ ဇီဝမျိုးစုံနှင့် မျိုးကွဲများ၊ ရေသယံဇာတနှင့် ဂေဟစနစ်ထိန်းသိမ်းရေး၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောများနှင့် မြေအသုံးချမှု စနစ်တကျဖြစ်စေရေး၊ သဘာဝသယံဇာတများ ထုတ်ယူ ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းပါးဆုံးဖြစ်လာရေး၊ ရေရှည်တည်တံ့သည့် အစိမ်းရောင်မြို့ကြီးများ ဖြစ်လာရေး တို့ကို ဦးစားပေးဆောင်ရွက်ရန် ကြိုးပမ်းသည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီ။
အခြေခိုင်စ မြန်မာ့စီးပွားရေးအသိုက်အမြုံအတွင်း သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက ရောက်ရှိလာကာ အစိမ်းရောင်စီးပွားရေးအသိုက်အဝန်းများကို မည်သို့ မည်ပုံလုပ်ဆောင်မည်ဖြစ်ကြောင်း အပြိုင်အဆိုင်ကြေညာ မောင်းခတ်ကာ ရောက်ရှိလာကြသကဲ့သို့ ပြည်တွင်းလုပ်ငန်း ရှင်များကလည်း မိမိတို့၏လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံ များ၏ မောင်းနှင်မှုပုံစံကို ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင် သယံဇာတများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် ထွက်ရှိထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီစွာ စတင်လုပ် ဆောင်နေကြပြီဖြစ်ကြောင်းနှင့် အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးမှုသည်သာ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း အတွက် အခြေခံကောင်းများဖြစ်ခြင်းကို ကုန်သည်ကြီး များနှင့် စက်မှုလက်မှုအသင်းချုပ်အပါအဝင် ညီနောင် အသင်းများ၏ တာဝန်ရှိသူများက တညီတညွတ်တည်း ပြောကြားသည်။
''ဖွံ့ဖြိုးတိုးတက်မှုကိုသာ ရှေးရှုခဲ့ရလို့ သဘာဝ သယံဇာတတွေပျက်စီးနေခဲ့ရပြီ။ ယနေ့ကမ္ဘာပေါ်က သဘာဝသယံဇာတတွေကို စတင်ထိန်းသိမ်းပြီး သစ်တော တွေကို ပြန်လည်စိုက်ပျိုးခဲ့မယ်၊ ဒါမှမဟုတ် ထိခိုက်စေမယ့် အရာတွေ လုံးဝရပ်တန့်မယ်ဆိုရင်တောင် နောင်နှစ် ၇ဝ ကျော်တဲ့အထိ သဘာဝဘေး အန္တရာယ်တွေကို ကုစားဖို့ မလုံလောက်ပါဘူး'' ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပြည့်ဖြိုးမြဲစွမ်းအင် ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်သူ ဒေါက်တာမျိုးကြွယ်က ပြောကြားသည်။
ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များသည် လူသားတို့ မဆင်မခြင်လုပ်ဆောင်နေသည့် သဘာဝပတ် ဝန်းကျင်ထိခိုက်ပျက်စီးမှုများကြောင့် အများဆုံးဖြစ်ပေါ် နေခြင်းဖြစ်ကာ သဘာဝသယံဇာတနှင့် လူမှုစီးပွား အခြေ အနေများ ထာဝရဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှသာ ရရှိနိုင် မည်ဖြစ်ပြီး နိုင်ငံ တိုင်း၏ မူဝါဒချမှတ်သူများ၊ ဥပဒေရေးဆွဲ အကောင် အထည်ဖော်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အားလုံးတို့က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်များကို လိုက်နာလေးစားရန် လိုအပ်ကြောင်း ဒေါက်တာမျိုးကြွယ်က ဆက်လက်ပြောကြားသည်။
ထို့ပြင် ၂ဝ၁၄ ခုနှစ်က နေပြည်တော်တွင် ကျင်းပ ခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးအတွင်း အာဆီယံအစိမ်းရောင်စီးပွားရေးဌာနကို ဖွင့်လှစ်ထူထောင်ကာ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ အတွက် အကူအညီများပေးအပ်ခြင်း၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လျက် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ၊ ရာသီဥတုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ရေးနှင့် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့ဖြင့် အစိမ်း ရောင် စီးပွားရေးစနစ်ကို ထူထောင်ရန် ကြိုးပမ်း လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သိရှိရသည်။
''လုပ်ငန်းတိုင်းက အလုပ်စတင်လုပ်ကိုင်ဖို့ တင်ပြလာ ကတည်းက ပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာကို အရင်ဆုံးတင်သွင်းရပါတယ်။ အလုပ်ရုံတိုင်း၊ စက်ရုံတိုင်း ဟာ မိမိရဲ့ပတ်ဝန်းကျင်ကို ထိခိုက်ဆုံးရှုံးတာမျိုး မဖြစ်စေ ရသလို မိမိစက်ရုံအလုပ်ရုံဝန်းကျင် စိမ်းလန်းစိုပြည်ရေး နဲ့ လေထု၊ ရေထုနဲ့ မြေထုညစ်ညမ်းမှုကို အကောင်းဆုံး လျှော့ချတဲ့နည်းလမ်းတွေကို တင်ပြရတာရှိပါတယ်။ အခုအချိန်မှာ အရင်က လက်ကျန် လုပ်ငန်းတွေက ပတ်ဝန်းကျင်ဆန်းစစ်မှု အားနည်းနေသေးပေမယ့် အခုနောက်ပိုင်း ပေါ်ထွက်လာတဲ့ လုပ်ငန်း တိုင်းဟာ ဒေသခံတွေရဲ့ အကျိုးစီးပွား၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ၊ မြစ်ချောင်း၊ အင်းအိုင်တွေ၊ သက်ရှိ ကုန်းနေ၊ ရေနေသတ္တဝါတွေကို ထိခိုက်မှုအနည်းဆုံး နည်းလမ်းတွေနဲ့ ကုစားကြပြီး ပြန်လည်ကုစားရေး အစီအစဉ်တွေမှာလည်း နိုင်ငံတကာလုပ်ငန်းတွေ နည်းတူ ကြိုးစားဆောင်ရွက် လာကြတယ်'' ဟု စက်ရုံ အလုပ်ရုံများနှင့် သီလဝါအထူးစီးပွားရေးဇုန်၏ သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုနှင့် လိုအပ်ချက် ဆောင်ရွက် ချက်များကို လုပ်ဆောင်ပေးနေသည့် E-Guard Environmental Services မှ တာဝန်ရှိ သူတစ်ဦးက သီလဝါ အထူးစီးပွားရေးဇုန် သဘာဝ ပတ်ဝန်းကျင်ဆန်းစစ်မှုဆိုင်ရာ ပြည်သူလူထုနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသည်။
ထောင်စုနှစ်အစီရင်ခံစာအရ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ထုတ်လုပ်မှုသည် ၁ဝ နှစ်အတွင်း ၅ဝ ရာခိုင်နှုန်းခန့် မြင့်တက်နေရပြီး နှစ်စဉ် သစ်တောဧက သန်းနှင့်ချီကာ ဆုံးရှုံးနေရသည့်အပြင် မျိုးရင်းမျိုး စိတ်များမှာလည်း မျိုးသုဉ်းလာကာ ရေ သယံဇာတသည်လည်း ပိုမိုရှားပါးလာခဲ့သည်။
သို့သော် မြန်မာနိုင်ငံတွင် ပြန်လည်ကုစားရေး အတွက် အစိမ်းရောင်စံပြဗဟိုဌာနကို ဖွင့်လှစ်ကာ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ၊ ဒေသတွင်း ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေး ဆိုင်ရာ ဆက်စပ်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ကောင်းမွန် သည့် အလေ့အကျင့်များ ပိုမိုကျယ်ပြန့်လာစေရေး အတွက် မူဝါဒများ ချမှတ်ရေး၊ မဟာဗျူဟာများ ရေးဆွဲ အကောင်အထည်ဖော်ရေးနှင့် ကျွမ်းကျင်၍ အစိမ်း ရောင်စီး ပွားရေး အသိုက်အဝန်းကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ် များ ထွက်ပေါ် ရေးတို့အတွက် အာဆီယံအစိမ်းရောင် စီးပွားရေးဌာနမှ တွန်းအားပေးဆောင်ရွက်လျက်ရှိနေ ကြောင်း သိရသည်။
''စီးပွားရေးလုပ်ငန်းတိုင်း သဘာဝပတ်ဝန်းကျင် ဆန်းစစ်လေ့လာမှုအတွက် ကနဦးဆောင်ရွက်ချက်၊ လုပ်ငန်း လည်ပတ်နေချိန် စဉ်ဆက်မပြတ် ဆောင်ရွက် ချက်တွေလုပ်ဖို့လိုသလို နိုင်ငံတော်ကလည်း လုပ်ငန်း ရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နည်းပညာ အကူအညီတွေ ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ'' ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။
သဘာဝသယံဇာတများကို အကန့်အသတ်မဲ့ ထုတ်ယူခြင်း၏ အကျိုးဆက်ကို မြန်မာနိုင်ငံတွင်လည်း စတင်ခံစားနေရပြီဖြစ်ကာ ပြန်လည်ကုစားရေးနှင့် စနစ်တကျစီမံခန့်ခွဲခြင်းတို့ကို
လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းကိုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းသော ရေရရှိရေးနှင့် စီမံခန့်ခွဲရေးပညာရှင် E-Guard Environmental Services မှ မန်နေ ဂျင်း ဒါရိုက်တာ ဦးခင်မောင်ဝင်းက ပြောကြားသည်။
သဘာဝသယံဇာတများကို တူးဖော်မှုတွင်Extractive In-dustries Transparency Initia-tive အဖွဲ့ဝင်လောင်းအဖြစ် မြန်မာ နိုင်ငံကို ယမန်နှစ်ကတည်းက အသိအမှတ်ပြုလက်ခံထားပြီးဖြစ် ခြင်းကြောင့် သဘာဝ သယံဇာတ များ တူးဖော်ခြင်းများတွင် နိုင်ငံ တကာ ကျင့်ဝတ်စည်းကမ်းများနှင့် အညီသာ လုပ်ဆောင် ရတော့မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော် ဝါရီလအတွင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပ သည့် စတုတ္ထအကြိမ်မြောက် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်း ရောင်ဖွံ့ဖြိုး တိုးတက်မှု ဖိုရမ်တွင် နိုင်ငံတော်သမ္မတကလည်း ပြော ကြားထားခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေအချိုး အစားကို ကြည့်မည်ဆိုပါက Demographic Window ဟု ခေါ်သည့် အလုပ်လုပ်ကိုင်နိုင်စွမ်း ရှိသည့် လူဦးရေအချိုးအစားမှာ ပိုမိုများပြားနေခြင်းသည် အခွင့် ကောင်းတစ်ရပ်ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်များ၏ စွမ်းဆောင် ရည်ကိုမြှင့်တင်ကာ အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ကြိုးစားတည် ဆောက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက အဆိုပါဖိုရမ် တွင် ထည့်သွင်းပြောကြားသွား ခဲ့ကြောင်း သိရသည်။
''သစ်တောတွေ အရင်အတိုင်း စိမ်းလန်းဖို့အတွက် ကျွန်တော်တို့ နှစ်တွေအကြာကြီး ပြန်စောင့်ရ ဦးမယ်။ သို့သော် ထိုင်ပြီးစောင့်နေ လို့တော့ မရပါဘူး။ ပြန်လည်ကု စားမှုတွေကို လူသားတိုင်းလုပ် ဆောင်မှသာ အစိမ်းရောင်မြေ ကမ္ဘာ သာယာလှပလာမယ်''ဟု ဦးဝင်းနိုင်က သစ်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် သူ့လုပ် ဆောင်ချက် များအတွက် ပြန်လည်ကုစားနေ သည့် အစီအစဉ်များကို အားတက် သရော ဆက်လက် ပြောပြသည်။

သတင်းဆောင်းပါး -နန်းနွယ်နီထွန်း

No comments:

Post a Comment