Friday, October 23, 2015

နိုင်ငံတော် သမ္မတဦးသိန်းစိန် မြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံကိန်းနှင့် မိတ္ထီလာ (မြောက်)ကန်သို့ ကြည့်ရှု စစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ မြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဒေသခံ ပြည်သူများက ကြိုဆိုကြရာ နိုင်ငံတော် သမ္မတက ရင်းရင်းနှီးနှီး ပြန်လည် နှုတ်ဆက်သည်။





ယင်းနောက် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် မြို့ကြီး ရေလှောင်တမံ အတွင်း (၃၀)မဂ္ဂါဝပ် ဓာတ်အား ထွက်ရှိမည့် ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်မှုနှင့် ဂျင်နရေတာ တာဘိုင်များ တပ်ဆင် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့ကြီး ရေလှောင်တမံ ဘက်စုံ စီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ YMEC ကုမ္ပဏီမှ ပညာရှင်များအား သစ်သီးခြင်း လက်ဆောင် ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မြို့ကြီး ပင်မ ရေလှောင်တမံ အပေါ်သို့ ရောက်ရှိကြပြီး ရေယူ အဆောက်အအုံ တည်ဆောက် ပြီးစီးမှုနှင့် ရေဝင်ရောက်မှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် တမံ ရှင်းလင်းဆောင် ရှုရပ်သို့ ရောက်ရှိပြီး ပင်မတမံ တည်ဆောက် ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က မြို့ကြီး ရေလှောင်တမံ ဘက်စုံ စီမံကိန်း ဆောင်ရွက် ပြီးစီးနေမှုနှင့် စီမံကိန်း ပြီးစီးပါက ရေအား လျှပ်စစ် (၃၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် ဆောင်ရွက် ထားသည့် အခြေအနေ၊ ဇော်ဂျီဆည် ရေသောက် ဧရိယာဧက (၈၂၀၀၀)အား ရေပိုမို ပေးဝေနိုင်မည့် အခြေအနေ၊ မိတ္ထီလာ လွင်ပြင် စိမ်းလန်း စိုပြေရေးနှင့် မြေဧရိယာ (၃၃၀၀၀)ဧကကို စိုက်ပျိုး ရေပေးဝေနိုင်မည့် အခြေအနေတို့ကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်း အတွက် အဓိက ဆောင်ရွက်ရမည့် ရေစိမ့်တံတား ကွန်ကရစ်နံရံ၊ ရေလွှဲဥမင်၊ ပင်မတမံ၊ ရေလွှဲဆည်၊ ရေယူ အဆောက်အအုံ၊ ရေအား လျှပ်စစ်စက်ရုံနှင့် လျှပ်စစ် ဓာတ်အား ထုတ်ယူရန် ရေယူ တူးမြောင်းများ တည်ဆောက် ပြီးစီးမှု အခြေအနေနှင့် အပြီးသတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံ ကိန်းကို ၂၀၀၅- ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သော်လည်း စီမံကိန်း ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် ရပ်နားခဲ့ရသည့် နှစ်များ ရှိခဲ့သည့် အတွက် မိမိတို့အစိုးရ တာဝန်ယူချိန်တွင် ဤစီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
မြို့ကြီး ရေလှောင်တမံ စီမံကိန်းသည် မိတ္ထီလာလွင်ပြင် စိမ်းလန်း စိုပြည်ရေး အတွက် ရေဖြည့်ဆည်းပေးရန် ရည်ရွယ်၍ တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း၊ ထို့ပြင် မိတ္ထီလာမြို့ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရန် အတွက် မိတ္ထီလာ ကန်တော်ကိုလည်း မိမိတို့ ပြုပြင်ပေးခဲ့ပြီး ဖြစ်ကြောင်း။
ထို့ကြောင့် မြို့ကြီး ရေလှောင်တမံ စီမံကိန်းနှင့်အတူ ရှိပြီး ရေလှောင်တမံများ၊ ကန်များ ပေါင်းစပ်ခြင်းဖြင့် မိတ္ထီလာမြို့နှင့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်းရောင် လွင်ပြင်ဖြစ်ကာ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ကြောင်း။
မြို့ကြီး ရေလှောင်တမံ စီမံကိန်းမှ လျှပ်စစ် ဓာတ်အား ၃၀ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်သည့် အတွက် လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကွန်ရက်များမှ တစ်ဆင့် ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်သို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးရန် လိုကြောင်း။
ဒေသခံ ပြည်သူများ အနေဖြင့်လည်း လျှပ်စစ် ဓာတ်အားကို သာမန် အိမ်သုံး အတွက်သာ သုံးစွဲခြင်း မပြုဘဲ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ တည်ထောင် သုံးစွဲရန်လိုကြောင်း၊ ပြည်နယ် အစိုးရနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ တို့မှလည်း ဒေသနှင့် ကိုက်ညီသည့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် အကူအညီ ပေးရမည် ဖြစ်ကြောင်း။
ထို့ပြင် ကျောက်ဆည် စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး အတွက်လည်း ဆောင်ရွက်ပေးရန် လိုကြောင်း မှာကြားသည်။
မြို့ကြီး ရေလှောင်တမံ ဘက်စုံ စီမံကိန်းသည် ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံ မြို့နယ် ဟံမြင့်မိုရ်- ရွာငံကားလမ်း မိုင်တိုင်(၁၄)ရှိ မြို့ကြီးရွာ၏ မြောက်ဘက် (၁)မိုင်ခန့် အကွာ တည်ရှိသည်။ တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံနှင့် တည်ဆောက်ပြီး ဇော်ဂျီ ရေလှောင်တမံတို့မှ ထုတ်လွှတ်ရေနှင့် ဇော်ဂျီတမံနှင့် မြို့ကြီးတမံကြား အတွင်းရှိ ရေဆင်းဧရိယာမှ စီးဆင်းရေများကို သိုလှောင်ပြီး လျှပ်စစ်ဓာတ်အား (၃၀)မဂ္ဂါဝပ် တပ်ဆင်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်စွမ်းအား (၁၃၅ ဒသမ ၇၀) ကီလိုဝပ်နာရီသန်း ထုတ်လုပ်ရန်နှင့် မိတ္ထီလာလွင်ပြင် စိမ်းလန်း စိုပြည်ရေး အတွက် ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်သည်။
မြို့ကြီး ရေလှောင်တမံသည် ရေဆင်းဧရိယာ (၇၂၅) စတုရန်းမိုင် ရှိပြီး ကန်ရေပြည့် ရေလှောင် ပမာဏ ဧကပေ (၃၅၉၅၅၀)နှင့် ကန်ရေသေ ရေလှောင် ပမာဏ ဧကပေ (၅၉၇၇၀) သိုလှောင် နိုင်မည် ဖြစ်သည်။
မြို့ကြီး ရေလှောင်တမံ စီမံကိန်းသည် ယခုအခါ ၉၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကာ ယင်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်လျက် ရှိသည်။
ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် မိတ္ထီလာ (မြောက်)ကန်သို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ ဒေသခံ ပြည်သူများက လမ်းတစ်လျှောက်မှ သောင်းသောင်း ဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် မိတ္ထီလာ (မြောက်)ကန်တွင် ရေဝင်ရောက်မှု အခြေအနေနှင့် သန့်ရှင်း သာယာလှပရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဓမ္မသုခကန်ဦး ရွှေစည်းခုံ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ၍ ဖူးမြော် ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် မိတ္ထီလာမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

No comments:

Post a Comment