Saturday, October 24, 2015

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး

ခံစားမှုအတိုင်း အချင့် မြှင့်တင်နိုင်လေမှ
ဆူဒိုနင်
လူတွေ ရှိနေလေသမျှ ဘယ်တော့မှ မရိုးနိုင်တဲ့ အကြောင်းအရာ
အစကတော့ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ၊ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် ၁၄ နီးပါးတုန်းက ရေးခဲ့တဲ့ "ပါးစပ်နဲ့လူ နားရွက်နဲ့လူ" ဆိုတဲ့ စာမူလေးကို ကြေးမုံ ပရိသတ်အတွက် အစအဆုံး ပြန်ဖော်ပြဖို့ စိတ်ကူး လိုက်မိသေးတယ်။ ပြန်ဖတ် ကြည့်တော့လည်း ၁၄ နှစ် နီးပါး ကြာသွားခဲ့ပေမယ့် ယနေ့ ခေတ်ကာလနဲ့ ကိုက်ညီနေဆဲပါပဲ။ ဒါပေမယ့် အဲလို အဟောင်းကို အသစ်ပြန်လုပ်ရမှာ စိတ်က မပါချင်တော့ဘူး။ ဒါနဲ့ အသစ်ပဲ ရေးတော့မယ်လို့ စိတ်ကူးမိရပါတယ်။

အမှန်တော့ သည်အကြောင်းကို အဲဒီ့တစ်ပုဒ်သာ မကပါဘူး။ နောက်ထပ် ၄ နှစ်အကြာ ၂၀၀၆ ခုနှစ် ဧပြီလမှာ အတွေးသစ် ဂျာနယ်မှာ လေးပတ်စာ အရှည်ကြီး တစ်ပုဒ်လည်း ရေးဖြစ်ခဲ့ပါသေးတယ်။ "အဝေဖန်ခံနည်း နိဿရည်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ အဲဒါကတော့ ၁၉၆၄ ခုနှစ် ဇွန်လထုတ် ဖတ်သူ့အနှစ် (Reader's Digest) မဂ္ဂဇင်းထဲက ဆောင်းပါး တစ်ပုဒ်ကို အစအဆုံး ဘာသာပြန်ပြီး နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ အတွေ့အကြုံများနဲ့ ဆက်လက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
သည်နေရာမှာ အထက်က ဖော်ပြခဲ့တဲ့ ခုနှစ် သက္ကရာဇ်တွေကို အရင်ဆုံး ပြန်ကြည့် ကြရအောင်လား ခင်ဗျာ။ အဲလို ကြည့်လိုက်တဲ့ အခါ ၁၉၆၄ (သူများ ရေးထားတာ)ရယ်၊ ကျွန်တော် ရေးတာက ၂၀၀၂ နဲ့ ၂၀၀၆ ရယ်ဆိုပြီး တွေ့ရပါလိမ့်မယ်။ ဟော... အခု ၂၀၁၅ ခုနှစ်မှာ သည်အကြောင်းကို ရေးချင်လာရ ပြန်ပါပြီကော။
လူတိုင်း လက်ခံစေချင်တာ အတော်ကြောင်သဗျာ
ပြောချင်တာက သည်အကြောင်းအရာဟာ လူတွေရဲ့ ဘ၀မှာ ဘယ်တော့မှ ရိုးအီမသွားနိုင်တဲ့ အကြောင်းအရာ ဆိုတာပါပဲ။
အမှန်ပါပဲ။ လူ့သမိုင်း အစကတည်းက ဝေဖန်ခြင်း၊ သရော်ခြင်း၊ ကဲ့ရဲ့ခြင်း၊ လှောင်ပြောင်ခြင်း၊ အမနာပ ပြောခြင်း၊ အပုပ်ချခြင်းတွေနဲ့ ကင်းအောင် နေနိုင်တဲ့ လူသားရယ်လို့ တစ်ယောက်မှ မရှိခဲ့ပါဘူး။ သည်အချက်က ထင်ရှား လွန်းလို့လားတော့ မသိဘူးခင်ဗျ၊ လူအတော် များများက မျက်စိ လျှမ်းနေကြပါတယ်။ သတိ လစ်နေကြပါတယ်။ ကိုယ့်ထိရင် မချိအောင် နာပြနေတတ်ကြပါတယ်။
နာတတ်သူတွေ ဆင်ခြင် နှလုံးသွင်းဖို့က မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတောင် ဒါတွေကို ရှောင်လွှဲလို့ မရနိုင်ခဲ့ပါဘူး။ သည်နေရာမှာ "အဝေဖန်ခံနည်း နိဿရည်း"တုန်းက ကျွန်တော် ရေးဖြစ်ခဲ့တာလေးကို ပြန်ကိုးကား ချင်ပါတယ်။
တစ်ကမ္ဘာလုံး အကြိုက် ခံရတဲ့သူဆိုတာ မရှိပါဘူး။ မင်းသား၊ မင်းသမီး၊ စာရေးဆရာ၊ ခေါင်းဆောင်၊ သိပ္ပံပညာရှင်၊ အဆိုတော်...နှစ်သက်ရာကို စဉ်းစား ကြည့်တော်မူ ကြစေချင်ပါတယ်။ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်လို့ တင်စား ပြောဆိုကြပေမယ့် အဲဒီ့နှင်းဆီခိုင်ကိုမှ မကြိုက်တဲ့ "ပျို"တွေလည်း တစ်ပုံတစ်ပင်ကြီး ရှိတာ ထင်ရှားပါတယ်။ ယုတ်စွအဆုံး၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုပဲ ဖြစ်ဖြစ်၊ ယေရှုခရစ်တော်ပဲ ဖြစ်ဖြစ်၊ တမန်တော် မိုဟာမက်ပဲ ဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူတိုင်း လက်ခံထား၊ သဘောတူထား၊ ကြိုက်ထား၊ ကြည်ညိုထား၊ ကိုးကွယ် ထားတာမှ မဟုတ်ပေကပဲဗျာ။ ကျွန်တော်တို့ ခင်ဗျားတို့လိုသူလို ငါလို ပုထုဇဉ်များ အတွက်ကတော့ ဟား...လူတိုင်း ကြိုက်ဖို့များတော့ ဝေးပါသေးရဲ့။ နည်းနည်းပါးပါး ကြိုက်တဲ့သူ ရှိတာကိုက ကျေးဇူးတင်စရာ ကောင်းလှပြီ မဟုတ်လားဗျာ။
ဝေဖန်ပုတ်ခတ် ကဲ့ရဲ့ လှောင်ပြောင် ခံရတဲ့အခါ ဘယ်လို စိတ်ထားကြမလဲ
"သူများပါးစပ် လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ် ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်ထဲမှာပဲ နစ်မွန်းသွားလိမ့်မယ်"လို့ ပျဉ်းမနား မဟာမြိုင် တောရ ဆရာတော် ဦးဇောတိက မိန့်ကြားတော်မူခဲ့ဖူးပါတယ်။
သို့ပေမယ့် သည်အဆိုအမိန့်တွေ အားလုံးကို အာဂုံ ဆောင်ထားဦးတောင် ကျွန်တော်အ ပါအဝင် လူအတော် များများဟာ ကိုယ့်ကိုအပြောခံရရင် ဆွေ့ဆွေ့တွေ ထထ ခုန်မိတတ်တာလည်း အမှန်ပါပဲ။ တချို့ကျတော့လည်း ငါ့မှ အပြောခံ ရလေခြင်းဆိုပြီး ရင်ကွဲ ပက်လက်လည်း ဖြစ်တတ်ပါတယ်။ ဖြစ်ဆို အဲလို ဝေဖန်ပုတ်ခတ်တာ၊ အမနာပပြောတာ၊ သရော် ကဲ့ရဲ့တာတွေ ခံရတဲ့အခါ ထိသွားတာက ကိုယ့်အတ္တကိုးဗျာ။ အတ္တကိုထိတော့ မချိအောင် နာတော့တာပေါ့။
နာတာ နာကြပါဗျာ။ လူပဲ၊ ခံစားချက်တော့ ရှိတာပေါ့။ နာတာ တရားပါတယ်။ နာပြီး စိတ်လိုက် မာန်ပါ တုံ့ပြန်တော့မှသာ အလွဲတွေ ဖြစ်ကုန် တတ်တာလေးကိုပဲ သတိထားဖို့ လိုပါတယ်။
ခံစားမှုပိုင်း အတိုင်းအချင့်
ခုကာလမှာ လူတွေရဲ့ အောင်မြင် ထွန်းပေါက်ရေးမှာ Emotional Quotient (EQ) လို့ ခေါ်တဲ့ "ခံစားမှုပိုင်း အတိုင်းအချင့်" ဆိုတာကို အတော် ပြောလာကြပါပြီ။ (ကျွန်တော့် စာတွေထဲမှာ လွှဲသာသမျှ အင်္ဂလိပ် စာလုံးတွေ ညှပ်မသုံးချင်လို့ "ခံချင့်" လို့ အတိုကောက် ဆက်လက် သုံးစွဲသွားပါ့မယ်။)
အလွှတ်မဲ့ ခံစားပြီး အလွှတ်မဲ့ တုံ့ပြန်တတ်တဲ့သူဟာ "ခံချင့်" နိမ့်ပါးသူပါ။
သည်နေရာမှာ "ခံချင့်"ရဲ့ အခြေခံကို နားလည်ဖို့ လိုမယ် ထင်ပါတယ်။ (၁) ကိုယ့်ခံစားမှုရဲ့ အတိုင်းအချင့် (၂) ကိုယ့်အပြုအမူကြောင့် တစ်ဖက်သား ခံစားသွားရမယ့် အတိုင်းအချင့် (၃) ဘေးလူ ခံစားသွားရမယ့် အတိုင်းအချင့် ဆိုတဲ့ သုံးရပ်စလုံးကို တွက်ဆပြီး ပြုမူ ဆောင်ရွက်တတ်ပါမှ ခံချင့် မြင့်မားသူ ဖြစ်လာမှာပါ။
နမူနာလေးနဲ့ ပြောပါရစေ။ ကိုယ့်ကို လှောင်လိုက်တယ်။ ဒေါသ ပေါက်ကွဲသွားတယ်။ သည်မှာတင် တစ်ဖက်သားကို ပျစ်ပျစ်နှစ်နှစ် ဆဲထည့်လိုက်တယ် ဆိုပါစို့။ (၁) ကိုယ့်ဒေါသရဲ့ အတိုင်းအဆကို မသိလိုက်ဘူး။ (၂) ကိုယ်ဆဲလိုက်တဲ့ အတွက် တစ်ဖက်သားမှာ ဘယ်လောက် အထိ ပြန်ခံစားသွားရမလဲ ဆိုတာကို မတွက်ဘူး။
သည်အထိက ဟုတ်သလိုလိုပဲဗျ။ ကိုယ့်ပါး အကိုက်ခံရရင် သူ့ပါး ပြန်ကိုက်တာလည်း တရားတာပေါ့ ဆိုတဲ့ သတ္တဝါတို့ရဲ့ အငုပ်စိတ်နဲ့ဆို ဟုတ်တုတ်တုတ်ပဲလေ။ ဒါပေမယ့် သတိ မထားမိတာက ကိုယ်က အဟိတ်တိရစ္ဆာန် မဟုတ်ဘဲ အသိဉာဏ်ရှိတဲ့ လူသား ဆိုတာပါ။ ဘာလို့ တိရစ္ဆာန်စိတ် မွေးဖြစ်သွားတာလဲ။ ကိုယ့်ဒေါသရဲ့ အတိုင်းအချင့်ကို သတိလစ်သွားလို့ပါ။
ကိုယ်က ဒေါသ ပေါက်ကွဲတယ်၊ ကိုယ့်ကို လှောင်သူကို ဆဲထည့်လိုက်တယ်။ လူကြားထဲမှာ ဆိုရင် ဘေးလူရှိနေပြီ။ ဘေးလူက သည်လူဟာ အတော်ရိုင်း တာပဲဆိုတဲ့ စိတ်နဲ့ကိုယ်ကို စက်ဆုပ်သွားနိုင်တယ်။ အဲဒါကို ထည့်တွက်ဖို့လည်း လိုတယ်။ ဒါဟာ (၃) အချက်ဖြစ်တဲ့ ဘေးလူ ခံစားသွားရမယ့် အတိုင်းအချင့်ကို တွက်ချက် နိုင်စွမ်းပါပဲ။
သည်သုံးချက်ကို ဟန်ချက်ညီညီ ထိန်းပြီး ပြုမူ ဆောင်ရွက်တတ်သူ၊ ပြောဆို တုံ့ပြန်တတ်သူတွေဟာ ဘ၀မှာ အောင်မြင်မှု ရကြစမြဲပါ။ အဲဒါကို မထိန်းနိုင်တဲ့ သူတွေကတော့ အောင်မြင်လည်း ခဏပဲ၊ ကျဆုံးတဲ့အခါကျရင်တော့ ဘယ်သူကမှ လှည့်မကြည့် ချင်တော့အောင် အရွံမုန်းခံတွေ ဖြစ်သွားတတ်တာကို လူလုပ်နေသူ အားလုံး သတိချပ်ဖို့ လိုမယ် ထင်ပါတယ် ခင်ဗျ။
လူမှုကွန်ရက် ဖြန့်ကြက်ချိန်ခါ
အခုကာလမှာ နည်းပညာ တိုးတက်မှု အရှိန်အဟုန်ကြောင့် လူမှုကွန်ရက်ကြီးက အတော် ကျယ်ပြန့်နေပါပြီ။ ကျွန်တော်တို့ ဆီမှာလည်းပဲ အင်တာနက် သုံးသူ ဦးရေတွေ တစ်နေ့တခြား တိုးပွားနေသလို "စာအုပ် မျက်နှာစာ"လို လူမှုကွန်ရက်ကို သုံးနေသူတွေကလည်း မနည်းမနောပါ။
တစ်နည်းပြောရရင် မတစ်ရာသားတွေ ထင်ရာ ထပြောနိုင်နေကြတဲ့ ကာလကြီးပါပဲ။ ဒါ တစ်ကမ္ဘာလုံးပါ။ အဲသလို ထင်ရာ ထပြောတဲ့ သူတွေထဲမှာ အနောက် တိုင်းသားတွေလည်း ပါပါတယ်။ တစ်ခါကဆိုရင် အနောက်တိုင်းသား တစ်ဦးက ကျွန်တော်တို့ နိုင်ငံကို "မူစလင် အာဏာရှင် နိုင်ငံရယ်"လို့ ခပ်တည်တည်နဲ့ ရေးသွားတာ ဖတ်လိုက်ရဖူးတယ်။ သူ့အသိ ပညာ နည်းပါးမှုကို သူ့ဘာသာ ဖော်ထုတ်လိုက်တာမို့ ဒါကို ဆန်စင်ရာ ကျည်ပွေ့ လိုက်နေစရာ မလိုပါဘူး။ အသာလေး လွှတ်ပေးထား လိုက်ရုံနဲ့ ပြီးပါတယ်။ ငါတို့ နိုင်ငံကို မဟုတ်တာ ပြောရကောင်းလား၊ ဘာလား၊ ညာလား၊ တော်တော် တုံးတဲ့ကောင် စသဖြင့် ဒေါတွေ ထဖောင်းပြီး တုံ့ပြန် လိုက်ရင်သာ လူရယ်စရာ ဖြစ်နေမှာပါ။
မတစ်ရာသားတွေ ထင်ရာပြောနိုင်တဲ့ ကာလကြီးမှာ လူအများရှေ့ ထွက်ရပ် နေကြသူတွေအနေနဲ့က အတော့်ကို အနေအထိုင်တတ်မှ၊ "ခံချင့်" မြင့်မားမှ ဖြစ်ပါလိမ့်မယ်။ လူရှေ့ထွက်ရပ်၊ လူလုံးထွက်ပြပြီးခါမှ လူပြော သူပြောမခံရဲရင် သဘောထား သေးသိမ် ယုတ်ညံ့ရာ ကျပါတယ်။ ချီးကျူးတာချည်းပဲ ခံချင်ပြီး ကဲ့ရဲ့ခံရတိုင်း ဆွေ့ဆွေ့ ခုန်ပြနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပရိသတ်ကပါ အမြင်စောင်း လာတော့မှာ အထိ ထည့်တွက် တတ်ပါမှ "ခံချင့်" မြင့်မားလာမှာပါ။
ဒါဖြင့် ဘယ်လို တုံ့ပြန်ကြမလဲ
(၁) အပြောခံရတဲ့အခါ အဲဒီ့အပြောတွေထဲမှာ မှန်တာတွေ များပါနေသလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးယူရမှာပါ။ သတိထားရမှာက ကိုယ့် အတွက်ဆို တစ်ကွက် ချန်ချင်တဲ့စိတ်၊ ဆင်ခြေ ကန်ချင်တဲ့ စိတ်တွေနဲ့ ကိုယ်မှန်တယ်၊ တရားတယ် လို့ချည်းပဲ ကိုယ့်ဘာသာကိုယ် ဇွတ်အတင်း တွေးယူတတ်တဲ့ ဉာဉ်တွေကိုပါပဲ။ အဲသလို ဉာဉ်နဲ့ကတော့ မူလကိုယ့်အမှားကို ထပ်ဆင့် မှားအောင်လုပ်ရာ ရောက်သွားပါလိမ့်မယ်။ ကိုယ့်ကို ဝေဖန် လာသူဘက်က မှန်နေတယ်ဆိုတာကို အောင့်သည်း အောင့်သက်နဲ့ ကောက်ချက်ချ ဖြစ်သွားတဲ့အခါမှာ အလုပ်သင့်ဆုံး အလုပ်ကတော့ ဝန်ခံလိုက်တာပါပဲ။ အဲသလို ဝန်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဟိုတစ်ဖက်က အလိုလို ပါးစပ် ပိတ်သွားတော့မှာ သေချာလှပါတယ်။ ဟုတ်တယ်လေ။ သူနဲ့ သဘောတူပါတယ် ဆိုမှတော့ ဟိုတစ်ဖက်မှာ ဘာပြောစရာ ကျန်တော့မှာတဲ့တုံး။ နောက်တစ်ချက်က သတ္တိ ကောင်းသူ၊ ကိုယ့်တာဝန် ကိုယ်ယူတတ်သူမှ ဖြောင့်ဖြောင့် မှန်မှန် ဝန်ခံ တတ်တာကိုလည်း မမေ့သင့်ပါဘူး။
(၂) ဆင်ခြင်တုံတရား ရှိရှိ ဒုတိယ တုံ့ပြန်နည်းကတော့ ကိုယ့်ကို ဝေဖန်လာသူရဲ့ အရည်အချင်းတွေကို ဆန်းစစ်ဖို့ပါ။ သူဟာ နာမည်ကောင်း ရှိသူလား၊ ရိုးသား ဖြောင့်မတ်သူလား။ နာမည်ကောင်းလည်း ရှိတယ်၊ ရိုးလည်း ရိုးသားတယ် ဆိုရင်တော့ သူပြောလာ ဆိုလာတာကို အလွယ်တကူ ပယ်မချသင့်ပါဘူး။ သေချာ ဆင်ခြင် စဉ်းစားသင့်ပါတယ်။
(၃) ပြောသူဟာ မလိုတမာစိတ်နဲ့ ပြောတတ်သူဖြစ်နေမယ်၊ သူ့မှာ ကိုယ့်ကို မနာလို တိုရှည်ဖြစ်နေစရာ အကြောင်းတွေ ရှိမယ်ဆိုရင်တော့ သူပြောသမျှကို လျစ်လျူရှုထားလိုက်ရုံပါပဲ။ သိက္ခာရှိရှိ၊ ဣနြေ္ဒရရနဲ့ ခပ်မဆိတ်နေလိုက်ခြင်းဟာ မဟုတ်မမှန် လုပ်ကြံ ပြောဆိုတာ မှန်သမျှကို တုံ့ပြန်တဲ့ နေရာမှာ အကောင်းဆုံး နည်းလမ်းပါပဲ။
(၄) ဝေဖန်ချက်က မှားယွင်းနေတဲ့ အပြင် အကျိုးပျက်စီးရာ ပျက်စီးကြောင်း အထိ ဖြစ်နေရင်တော့ မလွဲမသွေ တုံ့ပြန်ရ၊ ရှင်းလင်း ရတော့မှာပါ။ ဒါပေမယ့် အဲသလို တုံ့ပြန်တဲ့အခါ၊ ရှင်းလင်းတဲ့ အခါမှာ အကျိုးအကြောင်းကိုသာ ခိုင်ခိုင်မာမာ ပြောပြီး လက်တုံ့ မပြန်မိအောင်၊ ပြန်လည် မထိုးနှက်မိအောင် ကြိုးစားခြင်းက မိကောင်းဖခင် သားသမီး ပီသပါတယ်။ ခံချင့် မြင့်မားမှုကို ပြသရာလည်း ရောက်ပါတယ်။
(၅) ဥပဒေရဲ့ အကာအကွယ်ကို ရယူတဲ့နည်းကိုတော့ ကျွန်တော့် ဆောင်းပါးမှာ ထည့်မဆွေးနွေးလိုပါဘူး။ ရှေးစကားနဲ့ ပြောရင် ကြားထဲက ရှေ့နေတွေသာ စားသာ သွားမယ့် အပေါက် ဖြစ်နေလို့ပါပဲ။
နိဂုံး
နိဂုံးအနေနဲ့ကတော့ဗျာ လူတွေမှာ ပါးစပ်တွေပါတယ်။ အဲတော့ပြောတာ လူ့အလုပ် ဖြစ်သလို ပါးစပ်နဲ့ထပ်တူ နားရွက်တွေလည်း ပါတာမို့ နားထောင်ဖို့ ကလည်း လူ့အလုပ်ပါပဲ။ သည်တော့ ဘယ်သူ ဘာပြောပြော ပြောသမျှကို အသာ နားထောင် နေလိုက်မယ်ဆိုရင် ကိုယ့်အတွက် တစ်စက်မှ အကျိုး မယုတ်နိုင်ပါဘူး။ နားမထောင်ဘဲ နားပိတ်ထားမယ်၊ ပြောသူကို လိုက်ပြဿနာ ရှာနေမယ် ဆိုရင်သာ ကိုယ့်အတွက် အကျိုး ပျက်နိုင်တဲ့ အကြောင်း လှုပ်ခတ်လွယ်လှသူ အပေါင်းကို ပြောကလည်း သိပ်ပြောချင်နေ၊ ပြောလို့လည်း သိပ်မရဲတဲ့ ကြားကပဲ ဇွတ်မှိတ်ပြီးပြောလိုက်ရပါတယ်။ အားလုံး အတွက် တွေးဆဆင်ခြင်စရာ တစ်ခုခုတော့ ရသွား တန်ကောင်းရဲ့လို့ မျှော်လင့် မိပါတယ် ခင်ဗျား။ ။
ရည်ညွှန်း

No comments:

Post a Comment