Thursday, October 22, 2015

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်
နေပြည်တော်၊ အောက်တိုဘာ  ၂၂
၁။ ၂၀၁၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်နှင့် နိုင်ငံတော်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် မဲဆန္ဒရှင် ပြည်သူလူထုအား စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား နိုင်ငံတကာ အသိုက်အဝန်းမှ စောင့်ကြည့်လျက်ရှိပြီး မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့်လည်း ရွေးကောက်ပွဲအား လွတ်လပ် တရားမျှတ၍ တည်ငြိမ်အေးချမ်း အောင်မြင်သော ရွေးကောက်ပွဲဖြစ်စေရန်နှင့် နိုင်ငံတော်အတွက် လူထုကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ရွေးချယ် မဲပေးလိုသောဆန္ဒများ ရှိနေကြပါသည်။ ငြိမ်းချမ်းရေး အဖွဲ့များနှင့် တွေ့ဆုံရာ၌ မဲဆွယ်စည်းရုံး ရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပနေစဉ် တွင်လည်းကောင်း အေးချမ်းသာယာမှု ရှိစေလိုပြီး လွတ်လပ်တရားမျှတသည့် အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်းကို ထည့်သွင်းဆွေးနွေး သွားပါသည်။
၃။ သို့ဖြစ်ပါ၍ မဲဆန္ဒရှင် ပြည်သူလူထုအား လွတ်လွတ်လပ်လပ်နှင့် စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးနှင့် ဥပဒေနှင့် အညီ လွတ်လပ်တရားမျှတ၍ တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲ အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသော အဖွဲ့အစည်းများ နှင့်လုပ်သားပြည်သူများမှ ပူးပေါင်း ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment