Thursday, September 24, 2015

Post titleတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွိုင်ကော်မြို့ရှိ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများအတွက်ကွန်ပျူတာများ ပေးအပ်လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း


နေပြည်တော်၊  စက်တင်ဘာ ၂၃
တိုင်းရင်းသားများစုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စု စိတ်ဓာတ်၊ မြန်မာဆိုသည့် စိတ်ဓာတ်တို့ဖြင့် ဝိုင်းဝန်းလုပ်ဆောင်မည်ဆိုပါက တိုင်းပြည်တည်ငြိမ်အေးချမ်းမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ် သူများ ပူပေါင်းဆောင်ရွက်ခြင်းဖြင့် ပညာရေးတိုးတက်ကောင်းမွန်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုး တက်မှုအတွက် များစွာအထောက်အကူရမည်ကို တွေ့မြင်နိုင်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ရှိ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများ အတွက်
ကွန်ပျူတာများပေးအပ်လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ ငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား၌ ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊  ဒေသကွပ်ကဲမှုစစ် ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ်အေးလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများနှင့် ဒေသခံပြည်သူများ၊ အလှူရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကယားပြည်နယ်သည် ယခင်ကတည်ငြိမ်အေးချမ်းမှုမရှိ၍ ဖွံ့ဖြိုးတိုးတက်မှု နောက် ကျခဲ့သဖြင့် တည်ငြိမ် အေးချမ်းမှုရရှိရေး အစွမ်းကုန်ကြိုးစားခဲ့ရပါကြောင်း၊ ၂၀၁၁ခုနှစ် နှောင်းပိုင်းမှ စ၍ ကယားပြည်နယ်အနေဖြင့် သိသာစွာပြောင်းလဲသွားပြီး တည်ငြိမ်အေးချမ်းရေး အသီးအပွင့်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ခံစားနေရပြီဖြစ်ပါကြောင်း၊ မိမိတို့၏ ပြင်းပြသောဆန္ဒမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားများ စည်းလုံး ညီညွတ်စွာဖြင့် တိုင်းပြည်တိုးတက် အောင်လုပ်ဆောင်ရန်ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမြင့်မားရန် လိုအပ်သဖြင့် ပညာရေးမြင့်မားရေး အတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ခဲ့ကြောင်း၊ အနာဂတ်ဖွံ့ဖြိုးရေးအတွက် လူငယ်လူရွယ်များအပေါ် များစွာမူတည်ပါကြောင်း၊ လူငယ်လူရွယ်များ၏ အခန်း ကဏ္ဍကြီးမားခြင်းကြောင့် စာသင်ကျောင်း များတွင် ပညာသင်ကြားရေး၊ ပညာ ကြိုးစားရေး၊ ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်ပေး နေခြင်းဖြစ်ပါကြောင်း၊   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် ဒေသကို အထောက်အကူပြုရမည်ဖြစ်ကြောင်း၊ ယခုကွန်ပျူတာများ ထောက်ပံ့ ပေးခြင်းသည် ပညာသင်ကြားရေးကို  အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ပညာ သင်ကြားနိုင်ရန်အတွက် ကျန်းမာရေး ကောင်းမွန်မှုလည်း အရေးကြီးသဖြင့် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အဓိကမှာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရှိရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်၍ တပ်မတော်မှ အစွမ်းကုန်ကြိုးစားနေသကဲ့သို့ ဒေသခံများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကယား ပြည်နယ်ရှိ  တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာအလုံး (၁၅၀)နှင့် ဆက်စပ်ပစ္စည်းများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှ  လှူဒါန်းငွေကျပ်သိန်း(၃၀၀)နှင့် ဗလာစာအုပ် ဒါဇင်(၃၀၀၀)တို့ကို ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။ ထို့နောက် အလှူရှင်များက စုစုပေါင်းလှူဒါန်း ငွေကျပ်သိန်းပေါင်း ၁၆၅၀ ကိုပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖားဆောင်းမြို့နယ် မော်ချီးဒေသသို့ ရောက်ရှိကြသည်။
ထို့နောက် မော်ချီးသတ္ထုတွင်းစီမံကိန်းရုံး အစည်းအဝေးခန်းမတွင်  လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှုတ်ခွန်းဆက်ပြောကြားသည်။ ယင်းနောက် ဘော်လခဲခရိုင်အုပ်ချုပ်ရေး မှူးနှင့် မော်ချီးကျေးရွာအုပ်ချုပ်ရေးမှူးတို့က  ဒေသဆိုင်ရာ အချက်အလက်များနှင့် မော်ချီးဒေသ၏ လိုအပ်ချက် များကို ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ အကြံပြုပြောကြားခဲ့ပြီး   MEC-Tel  မိုလ်ဘိုင်းဖုန်း ဆက်သွယ်အသုံးပြုနိုင်ရေး၊ လူမှုရေးအသင်းအဖွဲ့အတွက်  မော်တော် ယာဉ်တစ်စီး လှူဒါန်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကူညီဆောင်ရွက်ရေး တို့အား ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်သည်။
ဆက်လက်၍ သတ္ထုတွင်းစီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းဒါရိုက်တာမှ စီမံကိန်းဆိုင်ရာ အချက်အလက် များအား Power-Point ဖြင့် ရှင်းလင်းတင်ပြမှု အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်ချီး ကျေးရွာတွင် တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့များမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေး သည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘော်လခဲမြို့သို့ရောက်ရှိပြီး ဘော်လခဲပြည်သူ့ဆေးရုံသို့ သွားရောက်ကာ တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment