Thursday, September 24, 2015

ခေတ်မီတပ်မတော်ထူထောင်ရာတွင် နည်းပညာမြင့်မားသည့် စစ်လက်နက်ပစ္စည်းများ ကျွမ်းကျင်စွာ အသုံးပြုရန် လိုအပ်



နေပြည်တော်၊  စက်တင်ဘာ- ၂၃
တပ်မတော်၏ မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ရန် တိုက်စွမ်းအားရှိ ရမည်ဖြစ်ကြောင်း၊  တိုက်စွမ်းအားရှိရေးအတွက် စစ်တိုက် တတ်သော၊ စစ်တိုက်ရဲသော၊ စစ်တိုက်တော်သော တပ်များဖြစ်ရန်လိုကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်း တွင် ဖရူဆို တပ်နယ်ရှိ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်း၌ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် သင်တန်းသားများအား တွေ့ဆုံစဉ်ပြောကြားသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း၊  ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးလွင်၊ သင်တန်း ကျောင်းမှ နည်းပြ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတိုက်စွမ်းအားရှိရန် အတွက် စွမ်းရည်မြင့်တင် ပေးသည့် စစ်လက်နက်ပစ္စည်းများ၊ ယာဉ်ယန္တရားများ၊ လေယာဉ်၊ ရေယာဉ်များ တပ်ဆင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင်လက်ရှိသုံးစွဲနေသည့် အကူပစ် လက်နက်များ၊ အမြောက်၊ဒုံးများကို စွမ်းရည်ထက်မြက်သော စစ်လက်နက်ပစ္စည်းများ ဖြစ်စေရန်၊ ထိရောက်စွာ အသုံးပြုနိုင်ရန် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင် ရန်အတွက် လေ့ကျင့်ခြင်း သည် တိုက်စွမ်းရည်မြှင့်တင်ရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် တစ်ရပ် ထူထောင်ရာတွင် ခေတ်နှင့်အညီ နည်းပညာမြင့်မားသည့် စစ်လက်နက်ပစ္စည်းများ တပ်ဆင်အသုံးပြု ရခြင်းကြောင့် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လိုအပ်ကြောင်း၊  လက်ရှိ ဆောင်ရွက်နေသည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အရှိန် မလျှော့ဘဲ မိသားစုအပိုဝင်ငွေရရှိသည်အထိ ဆက်လက်လုပ် ဆောင်ရန်တိုက်တွန်း လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ သည် ဒေသတွင်းကုန်ဈေးနှုန်း တည်ငြိမ် စေရန် တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းနိုင်ပါကြောင်း၊  ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်ခိုင်မာမာ လျှောက်လှမ်းရာတွင် သစ္စာရှိရှိဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ ကြသည့် တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် လာမည့်အောက်တိုဘာလ ၁ရက်မှစ၍ စစ်မှုထမ်းသက် ပေါ်တွင်မူတည်ပြီး အဆင့်အလိုက် စစ်သည်များအား ရာထူးတိုးမြှင့်ပေးသွားမည်ဖြစ်ပြီး  တပ်မတော်၏ဝတ်စုံ အချို့ကိုလည်း ပြင်ဆင်ပြောင်း လဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် အပါအဝင် အရေးကြုံ လာပါက တပ်မတော်သားတစ်ဦးချင်း မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို မှန်မှန်ကန် ကန်လုပ်ဆောင်ခြင်းဖြင့် ပြည်သူကအားကိုးသော၊ တိုင်းပြည်က အားထားသောတပ်များ ဖြစ်လာမည်ဖြစ် ကြောင်းပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းအတွက် သုတရသစာအုပ်စာစောင်များနှ င့် ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။
၎င်းနောက်  စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့က စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မောင်မောင်အေးက အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဘော်လခဲတပ်နယ်ခန်းမ၌ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများ၊ တပ်များ၏ အရည်အသွေး တိုးတက်စေရေး၊ တိုက်စွမ်းအားမြင့်မား စေရေးအတွက် လေ့ကျင့်ရေး လုပ်ဆောင်ရန်များ၊ မဲဆန္ဒပေးရာတွင် အခြေခံစဉ်းစားသင့် သည့်အချက်များ၊ လစာနှင့် စရိတ်များကို ချင့်ချိန်သုံးစွဲခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျ လုပ်ဆောင်ခြင်းတို့အား ပြောကြားသည်။      
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘောလခဲတပ်နယ်အတွက် သုတရသစာအုပ် စာစောင်များ နှင့် ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း၊ ၎င်းနောက်  စစ်ထောက်ချုပ်နှင့် စစ်ဥပဒေချုပ် တို့က စားသောက်ဖွယ် ရာများကိုလည်းကောင်း၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်က အားကစားပစ္စည်းများ ကိုလည်းကောင်း ပေး အပ်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မော်ချီးဒေသ ၌ တာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်မတော်သားများအား သွားရောက်တွေ့ဆုံ၍ လိုအပ် သည်များမှာကြားပြီး အားပေးစကား ပြောကြား ကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(မြ၀တီ)

No comments:

Post a Comment