Tuesday, September 29, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ Mr. Alexander Vasillievich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊  စက်တင်ဘာ - ၂၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ Mr. Alexander Vasillievich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာနည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရေးနှင့် လေ့လာရေးအဖွဲ့များ စေလွှတ်ရေး၊ ပညာတော်သင်များ စေလွှတ်ရေးနှင့် ရေဘေးသင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ပစ္စည်းများ ထောက်ပံ့ကူညီရေးဆိုင်ရာများအား ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Alexander Vasillievich Fomin နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Pospclov  Vasily၊ စစ်သံမှူး Colonel  Eduard Ogorodchikop နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment