Tuesday, September 29, 2015

ကချင်ပြည်နယ်၊ မံစီဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းစဉ် ကေအိုင်အေအဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲဖြစ်



နေပြည်တော်  စက်တင်ဘာလ ၂၉
ကချင်ပြည်နယ်၊ မံစီမြို့နယ် လျှပ်စစ်ဦးစီးမှူးရုံး ခြံစည်းရိုးဝင်ပေါက် အနီး၌ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက တစ်ကြိမ်၊ မြို့မရဲစခန်းဝင်ပေါက်အနီး၌ သြဂုတ် ၃၀ ရက် ညပိုင်းက တစ်ကြိမ်နှင့် မံစီမြို့အနောက်မြောက်ဘက် ဗန်းမော်-မန္တလေးသွားကားလမ်းဘေး၌ ဇွန် ၅ ရက် ညနေပိုင်းကတစ်ကြိမ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းဆက် ဖော်ထုတ်ခဲ့ရာ ကေအိုင်အေအဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း၊
ယင်းအဖွဲ့များအနေဖြင့် မံစီမြို့၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ကုန်းများသို့ဝင်ရောက်ပြီး ခြံစည်းရိုးများ ကာရံပြီး အခိုင်အမာ တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။
ကေအိုင်အေအဖွဲ့များ မံစီမြို့အနီးပတ်ဝန်းကျင်တွင် လာရောက် နေထိုင်ပြီး မြို့နေပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတို့အား နှောင့်ယှက်ခြင်း၊ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ရာ ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး အဆိုပါအဖွဲ့အား ရှင်းလင်းဖယ်ရှားပေးရန် တပ်မတော်သို့ တောင်းဆို မှုများ ရှိခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းများက စက်တင်ဘာ ၂၆ ရက်မှ စတင်၍ နယ်မြေရှင်းလင်းခဲ့ရာ မံစီမြို့၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ တောင်ကုန်းများပေါ်တွင် တပ်စွဲနေရာယူထားသော ကေအိုင်အေအဖွဲ့နှင့် စက်တင်ဘာ ၂၈ ရက်အထိ ထိတွေ့တိုက်ပွဲ  ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ တပ်စွဲနေရာယူထားသော ခြံစည်းရိုးပတ်လည် ကာရံထားသည့် စခန်း ၃ ခုနှင့်အတူ မိုင်းမျိုးစုံ ၃ လုံး၊ လက်ပစ်ဗုံး ၃၆ လုံး၊ ကျည်မျိုးစုံ ၃၄ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ လူနေတဲ ၁၄ လုံးနှင့်  ဘန်ကာ ၁၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှလည်း အရာရှိ ၁ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး စစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် စီခမ်းကြီးနယ်မြေအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များသည် အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်စားသောက်လျက် ရှိသော်လည်း ကေအိုင်အေ အဖွဲ့ လက်နက်အားကိုးဖြင့် အင်အားပြ ခြိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံပြည်သူများ လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက် များအရ တပ်မတော်စစ်ကြောင်းများက စက်တင်ဘာ ၇ ရက်မှ ၂၈ ရက်အထိ နယ်မြေရှင်းလင်းခဲ့ရာ ကေအိုင်အေအဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ပွားပြီး ၎င်းအဖွဲ့ထံမှ ခဲယမ်းမျိုးစုံ ၃၀ တောင့်နှင့် လမ်းလျှောက်စကား ပြောစက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ စက်တင်ဘာ ၁၃ ရက်က မံစီမြို့နယ် ဟန်ထက်ကျေးရွာအနီး ဈေးရောင်းချလျက်ရှိသော အရပ်သူ ၂ ဦးကို တပ်မတော်သို့ သတင်းပေးသည်ဟု စွပ်စွဲကာ ကေအိုင်အေအဖွဲ့ တစ်ဖွဲ့က လိုက်ကာရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဖမ်းဆီးခံရသူ တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ နှုန်းဖြင့် အတွက် သိန်း ၄၀ ပေးမှသာ ပြန်လည်စေလွှတ်ပေးမည်ဟု အဆိုပါ ကေအိုင်အေအဖွဲ့မှ ဖမ်းဆီး ခံရသူတစ်ဦး၏ ခင်ပွန်းဖြစ်သူအား ပြောကြားခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ လူထုအား ဖမ်းဆီးခြင်း မပြုလုပ်ရန်နှင့် ဖမ်းဆီးထားသူများကို ပြန်လည်စေလွှတ် ပေးရန် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှတစ်ဆင့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့သို့ အကြောင်းကြားကန့်ကွက်ခဲ့ သော်လည်း ပြန်လည်စေလွှတ် ပေးခြင်းမရှိသဖြင့် လိုက်ကာနှင့် ဆွတ်ဂျာနယ်မြေသို့ တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်းခဲ့ရာ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၁၈ ရက်အထိ မိုင်းဖြစ်စဉ် ၄ ကြိမ်၊ ထိတွေ့မှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ကေအိုင်အေ အဖွဲ့ထံမှ မိုင်းမျိုးစုံ ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၁ လုံးတို့ သိမ်းဆည်းရမိပြီး လိုက်ကာကျေးရွာနှင့် ဆွတ်ဂျာကျေးရွာအနီးတွင် တပ်စွဲနေရာယူထားသည့် စခန်းတစ်ခုကို  သိမ်းပိုက်နိုင်ခဲ့သော်လည်း တပ်မတော်မှ စစ်သည် ၃ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး ၄  ဦး ဒဏ်ရာ ရရှိခဲ့ သည်။
အဆိုပါ ထိတွေ့မှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်သည်များကို ဆေးရုံသို့ပို့ဆောင်သည့် တပ်မတော်စစ်ကြောင်းအား မိုင်ခေါင်-မံစီကားလမ်းမပေါ်တွင် ကေအိုင်အေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  အပြစ်မဲ့ပြည်သူများ မိုင်းစထိမှန်ခဲ့ပြီး ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ကာ တပ်မတော်မှ စစ်သည် ၁ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့မှုနှင့်အတူ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ၂ ဦးကို ဗန်းမော်မြို့ရှိ တပ်မတော်ဆေးရုံ မှတစ်ဆင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိပြီး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသော  ဒေသများသို့  ကေအိုင်အေအဖွဲ့က ယခုကဲ့သို့ လက်နက်အားကိုးဖြင့် သွားလာဝင်ရောက် ခြင်းများအပေါ် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ပြီး ၎င်းတို့၏ ဥပဒေမဲ့ လုပ်ရပ်များ အပေါ် ရွံရှာစက်ဆုပ်လျက်ရှိကြောင်းနှင့် နယ်မြေ အတွင်းမှ အပြီးအပိုင် မောင်းထုတ်ပေးရန် တပ်မတော်သို့ တောင်းဆိုလျက်ရှိကြောင်း သတင်းရရှိသည်။ (မြ၀တီ)

No comments:

Post a Comment