Friday, September 25, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး Konrad Adenauer Stiftung က ကျင်းပသည့် Election and Ethics Conference သို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော်  စက်တင်ဘာ  ၂၅
Konrad Adenauer Stiftung က ကျင်းပသည့် Election and Ethics Conference ကို နေပြည်တော်ရှိ  Kempinski  ဟိုတယ်၌ ယနေ့ မွန်းလွဲ  ၁ နာရီတွင်ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် Konrad Adenauer Stiftung မှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က  Election and Ethics Conference ကိုကျင်းပသည့် ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက် သောသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် များကို ပိုမိုနားလည်သဘော ပေါက်ကာ နိုင်ငံတကာရွေးကောက်ပွဲအတွေ့အကြုံများ၊ ပြဿနာဖြေရှင်းပုံများကို ပိုမိုသိရှိနိုင်စေရန်နှင့် အောင်မြင်သောရွေးကောက်ပွဲ တစ်ခု ဖြစ်လာစေရေးတို့အတွက် ဖြစ်ကြောင်း။
ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်များသည် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သောသူများ က  သဘောတူလက်ခံထားသည့် ဥပဒေကဲ့သို့ သက်ရောက်ခြင်းမရှိသည့် အပြုအမူနှင့်သက်ဆိုင်သော စည်းမျဉ်းများဖြစ်ပြီး လိုက်နာဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် တိုက်ရိုက် ပါဝင်ပတ်သက် နေသူများမှာ ရွေးကောက်ပွဲကိုစီမံခန့်ခွဲရသည့် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မီဒီယာများ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူများဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သူအားလုံးအတွက် ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်များ ရှိရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲတစ်ခု       ကျင်းပသည့်အခါ ဘက်လိုက်မှုမရှိပဲ ဥပဒေနှင့်အညီ မျှမျှတတ ဆောင်ရွက် ပေးရန်ဖြစ် ကြောင်း၊  နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အနေဖြင့်လည်း  မဲဆွယ်စည်းရုံး သည့်အခါ ကတိ ကဝတ်ပြုထားသည့် ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင် ရွက်ကြရန်ဖြစ်ကြောင်း၊  မီဒီယာများ အနေဖြင့် လည်း သတင်းရေးသား ထုတ်လွှင့် ဖော်ပြရာတွင် ဘက်လိုက်မှုမရှိပဲ မျှမျှတတ ရေးသားဖော်ပြ ထုတ်လွှင့် ပေးရေးသည် အဓိက ကျပါကြောင်း၊  ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများအနေဖြင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအပေါ် ဖြောင့်မတ်မှန်ကန်စွာ ဘက်လိုက်မှုမရှိဘဲ အကဲဖြတ်ရမှာဖြစ်ကြောင်း။
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များကို သိရှိနားလည်အောင် လေ့လာမှသာ ဥပဒေနှင့်အညီဝေဖန်ပြောဆိုနိုင်မည်ဖြစ်ပြီး ဥပဒေ၏အကာ အကွယ်ကိုလည်း ရယူနိုင်မှာဖြစ်ကြောင်း၊ ပါတီဝင်များနှင့် ပါတီကို ကိုယ်စားပြုအရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဥပဒေသာမက ကျင့်ဝတ်များကို လည်းသိရှိ လေးစား လိုက်နာရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲကာလတွင် ပဋိပက္ခ ပေါ်ပေါက်ခြင်းမရှိပဲ အေးချမ်းစွာ ရွေးကောက်ပွဲကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း။
သတင်းမီဒီယာသမားများအနေဖြင့်လည်း မီဒီယာကျင့်ဝတ်နှင့်အညီဆောင်ရွက်ပြီး ပြည်သူ လူထုကို မှန်မှန် ကန်ကန် သတင်းပေးနိုင်မှသာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မြင့်တက်လာမှာ ဖြစ်ကြောင်း၊ မီဒီယာများ၏မှန်ကန်သော သတင်းရေးသား ထုတ်ပြန်ပေးခြင်း ကြောင့် ပြည်သူလူထုအနေဖြင့် လူတော်လူကောင်းများ ရွေးချယ်ကြပြီး နိုင်ငံ တိုးတက်ရေးကို ဆောင်ရွက် သွားနိုင်မှာဖြစ်ကြောင်း။ 
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များအနေဖြင့်လည်း စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များကို ကျင့်ဝတ်နှင့် အညီဆောင်ရွက်၍ ပါတီစွဲနှင့် ဘက်လိုက်မှုကင်းပြီး ပြဋ္ဌာန်း ဥပဒေများနှင့်အညီ မှန်ကန်တည့်မတ်စွာ အကဲဖြတ် ဆောင်ရွက်မှသာ ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲ အပေါ်ယုံကြည်မှု မြင့်မားလာမည်ဖြစ်ပြီး ဒီမိုကရေစီ ဖွံ့ဖြိုးတိုး တက်မှုကိုလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း။
တည်ငြိမ်အေးချမ်းပြီး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုး တက်ရေးသည် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းတိုင်း ဥပဒေများကို အသိတရားနှင့် ယှဉ်၍  ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်မှုအပေါ် တည်မှီလျှက်ရှိပါကြောင်း၊ ကျင့်ဝတ်၏ သဘော တရားမှာ မိမိကိုယ်ကိုမိမိ ထိန်းကျောင်းခြင်းနှင့် ကန့်သတ်ခြင်းဖြစ်ပြီး အရေးကြီးဆုံးရည်မှန်းချက်များမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အောင်မြင်စေရေးကို အထောက်အကူဖြစ်စေရေး၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပါဝင်ဆောင် ရွက်သူ များကြား ယုံကြည်မှုမပျက်ပြားရေး၊ သည်းခံမှုဖြင့် အပြုသဘောဆောင်သော၊ ချစ်ခင်ရင်းနှီးသော အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာစေရေး၊ တိုင်းပြည်အကျိုးထမ်းရွက်ရန် အပြုသဘောဆောင် တရားမျှတသောယှဉ်ပြိုင်မှု ဖြစ်ပေါ်လာ စေရေး တို့ဖြစ်ပါကြောင်း၊  မည်သည့်မတူကွဲပြားမှုများ ရှိနေသော်လည်း တည်ငြိမ် အေးချမ်းစွာ  ရွေးကောက်ပွဲ အောင်မြင်ရေး ကိုဦးတည်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် မိမိဆန္ဒ အလျောက် အသိတရားနှင့် ယှဉ်သော တာဝန်သိစိတ်ဖြင့်  ကူညီဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။
ရွေးကောက်ပွဲ အောင်မြင်ရန်အတွက် အားလုံးမျှဝေတာဝန်ယူမှုဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊  ယနေ့ Conference မှ ရှင်းလင်းဆွေးနွေးချက်များ အပေါ် သင်ခန်းစာရယူ၍ ရွေးကောက်ပွဲကို တည်ငြိမ် အေးချမ်းပြီး အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်း ပြောကြားသည်။

၎င်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းထိန်က မဲဆွယ်စည်းရုံးမှု၊ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ The Innovative မှ Ms. Christian Rieck က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊  Konrad Adenauer Stiftung မှ Dr. Thomas Lawo က ၎င်းတို့အဖွဲ့အစည်း၏ အာဆီယံနိုင်ငံ များအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပူးပေါင်းကူညီဆောင်ရွက်ခဲ့မှုများနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုး တက်မှုအတွက် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲအားဆက်လက်ကျင်းပခဲ့သည်။ Conference  အား စက်တင်ဘာ ၂၆ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment