Friday, September 25, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာများ ပေးအပ်လှူ ဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း


ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ရန် ပညာတတ်များစွာ လိုအပ်သဖြင့် ပညာရေး မြှင့်တင်မှု လုပ်ငန်းများအား မဖြစ်မနေ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ရောက်ရှိရာ ဒေသတိုင်းတွင် မိမိတို့ အနေဖြင့် ပညာရေး မြှင့်တင်ရေး အတွက် တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းဆောင်ရွက် နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သော ရှမ်းပြည်နယ်ရှိ တက္ကသိုလ်၊ အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာ များ၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် ဒေသဖွံ့ဖြိုးရေး အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း၊ ပအိုဝ်းနှင့် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဌများ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စာပေ ယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်မှု၊ လမ်းတံတားများ ဖောက်လုပ်ဆောင်ရွက်မှု၊ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မှု၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်မှု၊ ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်အကိုင် ရရှိမှု အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်ပေးမှု အခြေအနေများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ် အတွင်း တိုးတက်ပြောင်းလဲမှုများစွာ တွေ့မြင်ရသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုလို တပ်မတော် (ကြည်း/ရေ/လေ) မိသားစုများနှင့် အလှူရှင်များ ပူးပေါင်း၍ ကွန်ပျူတာများ လှူဒါန်းရခြင်းမှာ ရှမ်းပြည်နယ်အတွင်း ပညာရေးမြှင့်တင်မှုအတွက် ဆောင်ရွက်ပေးလိုသော ဆန္ဒဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် လူဦးရေ ၅၈ သိန်းကျော် ရှိသည့်အနက် ကျောင်းများတွင် အခြေခံပညာ သင်ကြားနေသူ ကျောင်းသူ၊ ကျောင်းသားပေါင်း ၇၉၈၁၄၄ ဦး ရှိသည့်အတွက် ပြည်နယ် လူဦးရေ၏ ၁၄ ရာခိုင်နှုန်း ရှိပါကြောင်း၊ ပညာရေး မှတ်တမ်းများအရ ရှမ်းပြည်နယ်တွင် ၂ဝဝ၅-၂ဝဝ၆ ပညာသင်နှစ်တွင် သူငယ်တန်း တက်ရောက်သူ ကျောင်းသား ၂၃၆၄၁၅ ဦး ရှိခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ပညာသင်နှစ်တွင် စတုတ္တတန်းတွင် ၁၁၁၅၁၄ ဦး ဖြစ်၍ ၄၇ ရာခိုင်နှုန်းသာ တက်ရောက်ခဲ့ကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင် နှစ်တွင် နဝမတန်း တက်ရောက်သူ ၆၁၈၂၁ ဦး တက်ရောက်သဖြင့် ၂၆ ရာခိုင်နှုန်း ကျန်ရှိခဲ့ပြီး လေးပုံသုံးပုံ ဖြစ်သည့် ၇၅ ရာခိုင်နှုန်းခန့်မှာ အလယ်တန်းအထိသာ ပညာသင်ကြားခဲ့သည်ကို တွေ့ရပါကြောင်း၊ ထိုသို့ ကျောင်းနေသူ ရာခိုင်နှုန်းများ လျော့နည်းသွားခြင်းမှာ ကလေးများ ကျောင်းနေမပျော်ခြင်း၊ မိဘများမှ ပညာရေးအတွက် အားပေးမှု နည်းခြင်းနှင့် ကလေးလူငယ်များ ပညာသင်ကြားရာတွင် သိရှိနားလည်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ ကလေးလူငယ်များ ပညာတတ်များ ဖြစ်စေရေးအတွက် မိဘ ပြည်သူများ၊ တာဝန်ရှိသူ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမ များကလည်း သိရှိနားလည်အောင် ကြပ်မတ် သင်ကြားပေးရန် လိုကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် လူငယ် တစ်ဦးချင်း၏ ဘဝတိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေသကဲ့သို့ ပညာတတ်များ ပေါများခြင်းဖြင့် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်စိတ်တစ်ဒေသ အားဖြင့် အထောက်အပံ့ ပြုပါကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းဖြေဆိုသူ ၃၈ဝ၇၇ ဦးရှိပြီး အောင်မြင်သူ ၁၃၃၅၄ ဦး ရှိသဖြင့် ၃၄.၄၉ ရာခိုင်နှုန်း ရှိကြောင်း၊ တက္ကသိုလ်အဆင့် ပညာသင်ကြားမှု မြှင့်မားစေရေးအတွက် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း ကောင်းမွန်ရန် လိုကြောင်း၊ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်း အထိ စာမေးပွဲအောင်ရုံ မဟုတ်ဘဲ အတန်းလိုက် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပြီး တန်းစဉ် ကူးပြောင်းသွားနိုင်ရေး ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်သူများက ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ် အတွင်း မြို့နေ လူဦးရေ ၂၄ ရာခိုင်နှုန်းရှိပြီး ကျေးလက်နေ လူဦးရေ ၇၆ ရာခိုင်နှုန်း ရှိသောကြောင့် အခြေခံ စီးပွားရေး ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျ လုပ်ကိုင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူ ပြုနိုင်ပါကြောင်း၊ ရှမ်းပြည်နယ် စိုက်ပျိုးမွေးမြူရေး ဇုံများတွင် အောင်မြင်လျက် ရှိသည့် ကြက်မွေးမြူရေး၊ နွားမွေးမြူရေး စသည့် လုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် သွားစေလိုပါကြောင်း၊ ရှမ်းပြည်နယ် အတွင်း စိုက်ပျိုးမြေများစွာ ရှိသဖြင့် ခေတ်မီ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခြင်းဖြင့် အဓိက စားသောက်ကုန် ထုတ်လုပ်သော ပြည်နယ်ကြီး တစ်ခု ဖြစ်လာနိုင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားသည် စီးပွားရေး လုပ်ငန်းများအတွက် အရေးကြီး လိုအပ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အဓိက အထောက်အကူ ပြုသည့် လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းများ အောင်မြင်ရန် ဒေသခံများမှလည်း ကူညီပံ့ပိုး လုပ်ဆောင်ပေးကြ စေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများအတွက် အခြေခံ အကျဆုံးနှင့် အဓိက လိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် တိုင်းပြည်၏ ရှေ့ရေးကိုမျှော်တွေးပြီး ဝိုင်းဝန်း လုပ်ဆောင်ကြ စေလိုပါကြောင်း၊ မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲကြီး အောင်မြင်ရေး လွတ်လပ်ပြီး တရားမျှတရေး အတွက် တပ်မတော်ပိုင်း ဆိုင်ရာများတွင် လုပ်ဆောင်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း နယ်မြေအလိုက် ဖိအားများ မရှိစေရေး Free and Fair ဖြစ်စေရေး ကူညီ ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယနေ့ လှူဒါန်းမှုများ အတွက် အလှူရှင်များအား ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ယင်းပစ္စည်းများကို ဒေသအတွက် အကျိုးရှိအောင် သုံးစွဲခြင်းဖြင့် လှူဒါန်းရကျိုး နပ်စေပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရှမ်းပြည်နယ်ရှိ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများအတွက် တပ်မတော် (ကြည်း/ရေ/လေ) မိသားစုများမှ ပေးအပ် လှူဒါန်းသော ကွန်ပျူတာ ၃ဝ စုံနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောင်းသုံး ဗလာစာအုပ် ၄ဝဝဝဒါဇင်၊ သုတရသ စာအုပ်စာစောင်များနှင့် အလှူငွေ ကျပ် ၂၂၅ သိန်းကို ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ ၎င်းနောက် အလှူရှင်များက စုစုပေါင်းလှူဒါန်းငွေ ကျပ် ၁၅၇၅ သိန်း၊ ကွန်ပျူတာ ၁၇၈ စုံနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

No comments:

Post a Comment