Friday, September 25, 2015

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း အတွက် ဖက်စပ် လုပ်ငန်း သဘောတူစာချုပ် လက်မှတ်ရေးထိုး


နေပြည်တော်  စက်တင်ဘာ ၂၅
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Puma Energy Group Pte. Ltd. တို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိ မင်္ဂလာဒုံလေယာဉ်ဆီဌာနခွဲ၏ လေယာဉ် ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း အတွက် စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲက နေပြည်တော် ဟိုတယ်ဇုန်ရှိ Kempinski ဟိုတယ်၌ ဖက်စပ်လုပ်ငန်း သဘောတူ စာချုပ် Joint Venture Agreement ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဒုတိယဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဦးခင်မောင်စိုး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ Trafigura Pte. Ltd. မှ Chief Finance Officer & Director   Mr. Pierre Lorinet နှင့် Puma Energy Group Pte. Ltd. မှ Chief Operating Officer  Mr. Robert Jones ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က အမှာစကားပြောကြားပြီး မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် Trafigura Pte. Ltd. မှ Chief Finance Officer & Director  Mr. Pierre Lorinet တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ နှစ်ဖက်သဘောတူစာချုပ်များကို မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် Puma Energy Group Pte. Ltd. မှ Chief Operating Officer Mr. Robert Jones တို့က လက်မှတ် ရေးထိုးကာ စာချုပ်များကို အပြန်အလှန် လဲလှယ်ကြသည်။
အဆိုပါစာချုပ်လက်မှတ်ရေးထိုးခြင်းမှ စာချုပ်ပါစည်းကမ်းအရ Signature Bonus အမေရိကန်ဒေါ်လာ ၂၀ သန်း ရရှိမည်ဖြစ်သည်။ လုပ်ငန်းအတွက် ကနဦးရင်းနှီးမြုပ်နှံမှု အနေဖြင့် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅၁ သန်းဖြစ်ရာ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အနေဖြင့် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း  အမေရိကန်ဒေါ်လာ ၂၆ သန်းတန်ဖိုးရှိ လက်ရှိအသုံးပြုနေသော ပစ္စည်းများအား ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး Puma Energy Group Pte. Ltd. မှ အစုရှယ်ယာ ၄၉ %  အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြုပ်နှံကာ အကျိုးတူ ဖက်စပ်ကုမ္ပဏီကို National Energy Puma Aviation Services Co., Ltd. အမည်ဖြင့် ဖွဲ့စည်း၍ လုပ်ငန်းစတင်လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။
Puma Energy Group Pte. Ltd. သည် ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၁၀,၄၂၃ ဆိုင်၊ အကြီးစား သိုလှောင်ဖြန့်ဖြူးရေးစခန်းကြီး ၈၀ ခု၊ ရေနံချက်စက်ရုံ ၂ ရုံ ကို ပိုင်ဆိုင် ထားပြီး ရေနံသန့်စင်ချက်လုပ်ခြင်းလုပ်ငန်းနှင့် ရေနံထွက် ပစ္စည်းများကို သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည်။

ယခု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဖက်စပ်လုပ်ငန်း ဆောင်ရွက်ရန် အတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းသည် ၂၀၁၄ ခုနှစ် မေလတွင် Letter of Expression of Interest တင်သွင်းရန် စတင်ဖိတ်ခေါ်ခဲ့ပြီး ဆက်လက်၍ ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူ အောင်မြင်ခဲ့သည့် လုပ်ငန်း အတွက် လက်မှတ်ရေးထိုး ခြင်းဖြစ်ပြီး စာချုပ် သက်တမ်းမှာ နှစ်ပေါင်း ၃၀ ဖြစ်သည်။ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၏ လက်ရှိ ဆောင်ရွက် နေသော လုပ်ငန်းများအနက် ဖက်စပ်လုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ခြင်းအတွက် ပထမဦး ဆုံးလက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment