Tuesday, September 22, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချင်းပြည်နယ် ဟားခါးမြို့ အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်း ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေး


နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးစိုးဝင်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာသန်းအောင်၊ ဦးကျော်လွင်၊ ဦးရဲထွဋ်၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် အထူးလေယာဉ်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ ရောက်ရှိရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဒေသခံ ပြည်သူများက ကြိုဆိုနှုတ် ဆက်ကြ သည်။


ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကလေးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ချင်းပြည်နယ် ဟားခါးမြို့သို့ရောက်ရှိရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဒေသခံပြည် သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဟားခါးမြို့ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ် ကြောင့် မြို့နယ်အလိုက် ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် နေ မှုနှင့် လိုအပ်ချက်များကို  ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက လမ်းညွှန်အမှားစကားပြောကြားရာတွင် ချင်းပြည်နယ်တွင် ရေကြီး မြေပြိုမှုများ ဖြစ်ပွားချိန်မှ စပြီး မိမိကိုယ်တိုင် လာရောက် အားပေးပြီး လိုအပ် သည်များ ကူညီ ပံ့ပိုးပေးရန် စီစဉ်  ခဲ့ သော် လည်း ရာသီဥတု အခြေအနေ မပေးသဖြင့် ၂ ကြိမ်တိုင်တိုင် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း။
သဘာဝဘေးကျရောက်ချိန်တွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် ၃ ရပ်အနက် ကယ်ဆယ်ရေးနှင့် ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန် ကူညီထောက်ပံ့သည့် အဆင့် များကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယခုအခါ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
မြေပြိုမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ဆောင်းရာသီ မရောက်မီ ပြန်လည်ဆောက်လုပ် ပေးရန်လိုကြောင်း၊ မြို့သစ်သို့ ရွှေ့ပြောင်းမည့် မိသားစုများ အတွက် ရေ၊ လျှပ်စစ်မီး၊ စာသင်ကျောင်းနှင့် ဆေးပေးခန်းများကို မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ပေးရန် လိုအပ်ကြောင်း။
ယခု ယာယီပြင်ဆင်ထားသော လမ်း၊တံတားများကိုလည်း မူလအနေအထား ထက် ပိုကောင်းအောင် ရေရှည် စီမံချက်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ပြင်ဆင် ဆောက်လုပ်သွားမည်ဖြစ်၍ ပြည်နယ်၏ အနေအထားနှင့် ကိုက်ညီအောင် ပုံစံရေးဆွဲဆောက်လုပ်ရန် လိုအပ်ကြောင်း။
ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်တွင်း/ပြည်ပ စေတနာရှင်များနှင့် ဒေသခံပြည်သူများ ညီညီ ညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ပါက မူလအခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရုံသာမက မူလ ထက်ပိုမိုကောင်းမွန်သော အခြေအနေကို ရရှိမည်ဖြစ်ကြောင်း။
တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စီမံခန့်ခွဲရန်၊ တက်တက်ကြွကြွ ဦးဆောင် ရန်နှင့် ပြည်သူ လူထုပူးပေါင်းပါဝင်လာအောင် စည်းရုံးရန်လိုပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းမှူးနှင့် ဒုတိယ၀န်ကြီးတို့က ဌာန အလိုက် ချင်းပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် လိုအပ် ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ 
ယင်းနောက် နိုင်ငံတော်သမ္မတသည် သဘာဝဘေးကြောင့် ဟားခါးမြို့ မြို့ဟောင်းရပ်ကွက်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြန်လည် ထူထောင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ချင်းပြည်နယ်အတွင်းရှိ သဘာဝဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက် သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အားပေးစကားပြောကြားပြီး သဘာဝ ဘေးဒဏ်သင့် ပြည်သူများ အတွက် မ၀တ်လုံချည် အထည်(၂၀၀၀)၊ ပလတ်စတစ်ဖျာ အချပ်(၁၀၀၀)၊ ခြုံစောင် အထည်(၁၀၀၀)နှင့် ဆိုလာ လက်ဆွဲမီးအိမ် အလုံး(၁၀၀၀)ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ချင်းပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် သဘာဝ ဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေး စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း ဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေးစခန်း၌ ယာယီအမိုးတဲများ ဆောင်ရွက်ပေးထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ဖြည့်ဆည်းမှာကြား ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ အဆိုပါကျောင်းခန်းမ၌ ဆက်လက်ကျင်းပသည့် သီတဂူ ဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့က ချင်းပြည်နယ် သဘာဝဘေးအတွက် လှူဒါန်းပွဲ အခမ်း အနားသို့ တက်ရောက်ကြည်ညို သည်။
အခမ်းအနားတွင် သီတဂူဆရာတော် ရှင်ဥာဏိဿရက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ သြ၀ါဒစကားမြွက်ကြားပြီး ပြည်နယ် ၀န်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးက ချင်းပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှု များကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီများအတွက် အလှူငွေကျပ်သိန်း(၁၅၀၀)ကို ပေးအပ်လှူဒါန်းရာ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လက်ခံရယူသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးကိုယ်စား သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ချင်းပြည်နယ် အစိုးရအတွက် အလှူငွေကျပ်သိန်း(၂၀၀၀)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။
ထို့နောက် သီတဂူသာသနာပြုအဖွဲ့မှ ဆရာတော် ဘဒ္ဒန္တကောဝိဒ က ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အတွက် အလှူငွေကျပ်သိန်း(၁၅၀၀) ကို ပေးအပ်လှူဒါန်းရာ ကက်သလစ်ဘုန်းတော်ကြီး ဖာသာ ဖီးလစ် ဇဟေးက လက်ခံရယူသည်။
ယင်းနောက် သီတဂူအလှူရှင်များက ဆေးရုံများအတွက် အမေရိကန်ဒေါ်လာ (၈၀၀၀၀)ကျော် တန်ဖိုးရှိ ဆေးရုံသုံး ကိရိယာများကို ပေးအပ်လှူဒါန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်က လက်ခံရ ယူသည်။
ထို့နောက် ဒေသခံတစ်ဦးက ထိုသို့ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရိပ်သာ၌ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ ညနေပိုင်းတွင် ကလေးမြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကလေးမြို့ ပျဉ်သာ ကျေးရွာသို့ ရောက်ရှိပြီး  မြစ်သာမြစ်ရေကြီးရေ လျှံမှုမှ ကာကွယ်ရန် ကလေးမြို့ ရေဘေး ကာကွယ်ရေးတာ ဆောင်ရွက်မည့်နေရာ အား   ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသ ကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကျီကုန်းကျေးရွာအနီးရှိ မြစ်ကျဉ်း(၁)သို့ ရောက်ရှိပြီး မြစ်သာမြစ်ရေ စီးရေလာ ကောင်းမွန်စေရန် မြစ်ကြောင်းချဲ့ထွင် ဆောင်ရွက် ရန် လိုအပ်မှု အခြေအနေကို ကြည့်ရှု စစ်ဆေး သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ကျောက္ကာကျေးရွာ သို့ ရောက်ရှိပြီး နေအိမ်သစ် (၁၀၁)လုံး     တည်ဆောက်ခြင်းလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ရေဘေးသင့်ကျေးရွာများအား ရွှေ့ ပြောင်း နေရာချထားမှု၊ နေအိမ်သစ်များ တည်ဆောက်ပေးရန် လိုအပ်မှု၊ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတက လိုအပ်သည်များကို မှာကြားပြီး တည်ဆောက်  လျက်ရှိ သည့် နေအိမ် သစ်များနှင့် တည်ဆောက်ပြီးစီးမှု  အခြေအနေများအား လှည့် လည် ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။



No comments:

Post a Comment