Tuesday, September 22, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်   စက်တင်ဘာ ၂၂
 ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးရန် အဆင့်သို့ရောက်ရှိ နေပြီး တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်ကြောင်းကို ကြေညာထားပြီး ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ပြီး နိုင်ငံရေးအရအမြတ်မထုတ်ဘဲ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး အမှန်တကယ်တိုးတက်အောင်လုပ်မည်ဆိုသည့် စိတ်ရှိရန်ဖြစ် ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီတွင် ဂျပန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Taro ASO အား ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌  လက်ခံ တွေ့ဆုံစဉ် ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Taro ASO  နှင့်အတူ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei  SASAKAWA နှင့်တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi  HIGUCHI နှင့်အဖွဲ့ ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ဧည့်သည်တော်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော် တို့၏ ကြိုးပမ်းမှုများကြောင့် NCA လက်မှတ်ရေး ထိုးရန်အဆင့်သို့ ရောက်ရှိနေကြောင်း၊ နိုင်ငံ တစ်ခုတွင် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးပြီး တည်ငြိမ်အေးချမ်းမှသာ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်၏ အခန်း ကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း။
 မြန်မာနိုင်ငံ၏ ရေဘေးသင့်ဒေသများတွင် တပ်မတော်က ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ်   ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးခြင်းကြောင့် တပ်မတော်အပေါ် ပြည်သူလူထု၏ယုံကြည်အားကိုးမှုပိုမိုရရှိမည် ဖြစ်ကြောင်း၊ ရေဘေး ဒဏ်ကြောင့် စာသင်ကျောင်းများပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးနှင့် ရေဘေးသင့် ဒေသများ တွင် သောက်သုံးရေရရှိရေးတို့အတွက် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဂျပန်-မြန်မာနှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာသည်ကို တွေ့ရှိရပြီး   ဆက်လက် မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့်  ရနိုင်သမျှ ထုတ်နုတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခင်က   လုပ်ဆောင်ပေးခဲ့သော်လည်း ပြည်သူမှများစွာ မသိရှိကြောင်း၊   ယခုအခါ မီဒီယာများနှင့် ထိတွေ့မှုများပြီး Public Relation  များပိုမိုလုပ်ဆောင် ခြင်းကြောင့် တပ်မတော်အပေါ် ပြည်သူကပို၍ သိရှိနားလည်လာပြီး ယုံကြည်မှု ပိုမိုရရှိလာပါကြောင်း၊ တပ်မတော်၏ အင်အားနှင့်ပေါင်းစပ်ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပိုမိုအရှိန်ရရှိစေပါကြောင်း၊ စာသင်ကျောင်း များအတွက် ဂျပန်နိုင်ငံမှ ယန်း ၅ ဘီလီယံကူညီမည့်အတွက်  ကျေးဇူးတင်ရှိကြောင်း၊ တပ်မတော် မှလည်း စာသင်ကျောင်းများအပါအ၀င် ရေဘေးသင့်ဒေသများ  အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ရန် ကူညီဆောင်ရွက်နေပါကြောင်း၊ ရေကောင်း ရေသန့်ရရှိရေး၊ စိုက်ပျိုးရေရရှိရေး လိုအပ်ပြီး မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ၄ နှစ်ကျော် ကာလရောက်ပြီဖြစ်ရာ အတိုင်းအတာ တစ်ခုအထိ အောင်မြမှုများရှိပြီး ကျော်လွှားရန် ကြိုးစားနေရမှုများလည်းရှိကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော် အနေဖြင့် ယင်းလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရန် သန္နိဌာန် ချပြီးလုပ်ဆောင်လျက်ရှိပါကြောင်း၊ လာမည့်နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရန်၊ လွတ်လပ်ပြီး  တရားမျှတမှုရှိရန် အစွမ်းကုန်ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
 နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ပြီး ဂျပန်နိုင်ငံသို့ သင်တန်း သားများ ပိုမိုစေလွှတ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံသို့သွားရောက်ခဲ့သည့် မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်များသည်လည်း မိမိတို့၏ခေတ်မီ တပ်မတော် တည်ဆောက်ရေးအတွက် အတွေ့အကြုံများရရှိစေပါကြောင်း  ပြန်လည် ဆွေးနွေး ပြောကြား ခဲ့သည်။

(မြ၀တီ)

No comments:

Post a Comment