Thursday, September 24, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး(၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်


နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန်တို့သည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Banquet Hall ၌ ကျင်းပသည့်  (၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား သို့ တက်ရောက်သည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် (၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းအား ကြည့်ရှုလေ့လာသည်။

အခမ်းအနားတွင်   မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး မစ္စတာဟုန်လျန်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဂုဏ်ပြုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ နှင့်ဇနီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့်ဇနီးတို့က (၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီးနှင့် တက်ရောက်လာကြသူများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြ သည်။
အဆိုပါ ဧည့်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ)ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တရုတ် သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
တရုတ်သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံရုံးသည် ပထမဦးဆုံးနေပြည်တော်၌  အမျိုးသားနေ့ ဧည့်ခံပွဲ ကျင်းပခြင်း သည်  မြန်မာနိုင်ငံအား အလေးထားဂရုပြုခြင်းနှင့်  ချစ်ခင်ရင်းနှီးမှုကို  ဖော်ပြရန်ဖြစ်ပါ ကြောင်း။
ယခုအခါ တရုတ်သံရုံးကို ရန်ကုန်မြို့မှ နေပြည်တော်သို့ ရွှေ့ပြောင်းရန် စီမံပြင်ဆင်လျက်ရှိသဖြင့် နေပြည်တော်၌ ပထမဦးဆုံး သံရုံးအဖြစ် တည်ဆောက်ဖွင့် လှစ်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ဆောက်ခြင်း ၆၅ နှစ်မြောက်ဖြစ်ပြီး မိမိတို့အကြားတွင် နိုင်ငံတကာအခြေအနေ မည်မျှပြောင်းလဲစေကာမူ နှစ်နိုင်ငံကူးလူးဆက်ဆံမှုသည် အစမှအဆုံး ကောင်းမွန် သောအခြေအနေရှိပါကြောင်း။
မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းချိန်ကာလမှစ၍ တရုတ်-မြန်မာ ဆက်ဆံရေး သည် အခြေအနေသစ်သို့ ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် မိမိနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအပေါ်သို့ လျှောက်လှမ်းနိုင်ရန် အတွက်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော် နိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူလူထုကောင်းစားရေးအတွက် ကြိုးပမ်းအား ထုတ်မှုကိုလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ တံခါးဖွင့်လှစ်နိုင်ရေး၊ အပြည် ပြည်ဆိုင်ရာနှင့် ဒေသရေးရာဆိုင်ရာကိစ္စရပ်များတွင် အခန်းကဏ္ဍများစွာမှ ပါဝင်ခြင်းကို လည်းကောင်း ထောက်ခံအားပေးခဲ့ပြီးဖြစ်ပါကြောင်း။
တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု အဆင်ပြေချောမွေ့စွာ အောင်မြင်နိုင်ရန်နှင့် ယခုနှစ်မြန်မာနိုင်ငံ ရွေးကောက်ပွဲ အောင်မြင်ရေးတို့အတွက် ဆုမွန် ကောင်း တောင်းအပ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

No comments:

Post a Comment