Thursday, September 24, 2015

ကမ္ဘာ့ဘဏ်နှင့် ပူးတွဲဆောင်ရွက် သည့် ရေဘေး သင့်ဒေသ များ ပြန်လည် ထူထောင်ရေးဆိုင်ရာ ဘေးလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ချက် အလုပ် ရုံဆွေးနွေး ပွဲသို့ ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက် အမှာ စကား ပြောကြား


နေပြည်တော် စက်တင်ဘာ ၂၄

ကမ္ဘာ့ဘဏ်နှင့် ပူးတွဲဆောင်ရွက် သည့် ရေဘေးသင့်ဒေသ များ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဘေးလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ၀န်ကြီးဌာနများမှ တာဝန် ရှိသူများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်၊ UNDP၊ EU နှင့် JICA တို့မှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

အခမ်းအနား၌ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်း ထန်စွာ ရွာသွန်းမှုနှင့် မုန်တိုင်းတိုက်ခတ် မှု ကြောင့် ရေကြီး၊ ရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် ကနဦးကိန်းဂဏန်း အချက်အလက်များအရ လူဦးရေ (၁ ဒသမ ၆)သန်းမှာ ရေဘေးဒဏ်ကို တိုက်ရိုက်ခံစားခဲ့ကြရပြီး အခြားပြည်သူ သန်းပေါင်းများစွာကိုလည်း နည်းလမ်း မျိုးစုံနှင့် အကျိုးသက်ရောက်မှု ရှိခဲ့ပါကြောင်း။

ထို့ကြောင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်များက ပုဂ္ဂလိက ကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အတူလက်တွဲပြီး အကူအညီ လိုအပ်လျက်ရှိသည့် ရေးဘေးသင့် ပြည်သူများကို ဖြစ်နိုင်သမျှ အမြန်ဆုံးကူညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကနဦးအသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများ အနည်းအကျဉ်းသာ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုနှင့် လူမှုရေး ထိခိုက်မှု ဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ နက်နက် ရှိုင်းရှိုင်းဖြစ်ပေါ် ခဲ့ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ပါကြောင်း။

သို့ဖြစ်၍ လက်ရှိဆောင်ရွက်နေသည့် ပြည်လည်ထူထောင်ရေး လုပ်ငန်းစဉ် များနှင့် ရေရှည်ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် နှစ်ရပ်စလုံးအတွက် အမျိုးသား မူဘောင် ချမှတ်ရေးတွင် အဓိက ကျသည့် ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဘေးလွန် ကာလ လိုအပ်ချက်များ ဆန်းစစ်လေ့လာ ချက် ဖော်ထုတ်ပြီး ရှေ့လုပ်ငန်း စဉ်များကို ချမှတ်နိုင်ရန် ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး တိုင်ပင်နှီးနှောခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘက်စုံလွှမ်းခြုံပြီး လက်တွေ့ကျသည့် ပြန်လည်ထူထောင်ရေး အစီအစဉ် ရေးဆွဲရေး လုပ်ငန်းစဉ်ကို ကြပ်မတ်ဆောင် ရွက်နိုင်ရန် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

လုပ်ငန်းစဉ် မြန်ဆန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်း ဌာန အသီးသီးကလည်းအကြံပေးအဖွဲ့၊ အတွင်းရေးမှူး အဖွဲ့များနှင့် အတူ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားရန်လည်း အလွန်အရေးကြီး လှပါကြောင်း၊ ယခု ပြန်လည်ထူထောင်ရေး စီမံချက်သည် အနာဂတ် စီမံချက်ရေးဆွဲရေး လုပ်ငန်းစဉ်များအတွက် ရေရှည်တည်တံ့ ဖြစ်ထွန်း မည့် အခြေခံအုတ်မြစ်ကို ချမှတ်ရာတွင် ပေါင်းကူးဆောင်ရွက်ပေးမည့် မဟာဗျူဟာတစ်ရပ် ဖြစ်သောကြောင့် ၀န်ကြီးဌာနများမှ ညှိနှိုင်းရေးမှူးများအနေဖြင့် လုပ်ငန်းစဉ်တွင် အစွမ်းကုန် ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုငျရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ရင်ရင်နွယ်၊ ကမ္ဘာ့ဘဏ်ဌာနေမန်နေဂျာ၊ UNDP မှ ဌာနေညွှန်ကြားရေးမှူး၊ EU မှ ညှိနှိုင်းရေးမှူး၊ JICA ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင်တို့က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား ကြသည်။

ယင်းနောက် နို်င်ငံတော်သမ္မတ၏ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာဇော်ဦး က ရေကြီးရေလျှံမှု နှင့် မြေပြိုခြင်း ကာလအပြီး လိုအပ်သော အကဲဖြတ် သုံးသပ်ချက်ဆိုင်ရာများနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ မူဘောင်ပြု လုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် စုစည်းထားရှိမှု တို့ကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေး တို့က ပြန်လည်ထူထောင်ရေး အစီအစဉ် ရေးဆွဲ နိုင်ရေး အတွက် ရေဘေး သင့်ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများနှင့် လိုအပ်ချက်များကို ကဏ္ဍ အလိုက် လေ့လာဆန်းစစ် ဖော်ထုတ်ခြင်းတို့ကိုလည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူ Doekle Wielinga က ဖွဲ့စည်းတည်ဆောက်ပုံ မူဘောင်နှင့် စာရင်းကောက်ယူပုံ နည်းနာများကို လည်းကောင်း ၊ UNDP မှ ဌာနေ ညွှန်ကြားရေးမှူး Mr. Toily Kurbanov က ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံချက်နှင့် စပ်လျဉ်းပြီး ဦးစားပေး ဆောင်ရွက်ရမည့် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြ ဆွေးနွေးကြ သည်။

ထို့နောက် ရေဘေး သင့်ဒေသများ ပြန်လည် ထူထောင်ရေးဆိုင်ရာ ဘေးလွန် ကာလ အကဲဖြတ်သုံးသပ်ချက်ဆိုင်ရာများဖြစ်သည့် စီးပွားရေး၊ လူမှုရေးနှင့် အခြေခံ အဆောက်အဦ များ၊ သတင်းအချက်အလက်ရယူနိုင်မှု လိုအပ်ချက်များ ဖော်ထုတ်ခြင်း၊ အချက်အလက် စုဆောင်း ကောက်ယူခြင်း၊ ဆန်းစစ်ခြင်းနှင့် အတည်ပြုခြင်း၊ သဘာဝဘေးဒဏ်ခံရသူများ၏ အသံများစုစည်းခြင်း၊ ပျက်စီးဆုံးရှုံးမှုနှင့် အကျိုးသက်ရောက်မှု တင်ပြချက်များ စုစည်းခြင်း၊ ဦးစားပေး အစီအစဉ်နှင့် ကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေး မဟာဗျူဟာများကို အုပ်စုများ ခွဲ၍ ဆွေးနွေးကြသည်။
ယင်းနောက် အုပ်စုအလိုက် ဆွေးနွေးပွဲ ရလဒ်များကို ပြန်လည်တင်ပြခြင်းနှင့် စုစည်း သုံးသပ် တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

No comments:

Post a Comment