Thursday, September 24, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီဆိုင်နှင့် ဘန်းယဉ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကား ပြောကြား


နေပြည်တော်၊ စက်တင်ဘာ ၂၄
တပ်မတော်အနေဖြင့် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရင်း အမျိုးသားနိုင်ငံရေး တာဝန်များကိုပါ ထမ်းဆောင်လျှက်ရှိကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်ပါက နိုင်ငံ့သမိုင်းနှင့် တပ်မတော်သမိုင်း ခွဲခြား၍ မရသကဲ့သို့ ပြည်သူနှင့်တပ်မတော်သည်လည်း ခွဲခြား၍မရပါကြောင်း  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆီဆိုင်နှင့် ဘန်းယဉ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား သည်။    

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း တွင် လွိုင်ကော်တပ်နယ်ရှိ တပ်မတော်ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက် ကုသမှု ခံယူနေသော အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ ကျန်းမာရေး အခြေအနေများမေးမြန်းပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်သည်။ ထို့အပြင် တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသော  ဒေသခံသံဃာတော်နှင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင် များသည် ဆေးရုံရှိအမျိုးသမီး လူနာဆောင်သို့သွားရောက်၍ ဆေးကုသမှု ခံယူနေသော မိသားစုများ၏ ကျန်းမာရေးအခြေအနေများကိုမေးမြန်းပြီး အားပေး စကားပြောကြားကာ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့က ကယားပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ် မျက်စိခွဲစိတ်ကုသရန်လိုအပ်သဖြင့်  တပ်မတော်ဆေးရုံ၌ ခွဲစိတ်ကုသမှုခံယူခဲ့သောလူနာများအား သွားရောက်တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားပြီး မျက်မှန်များတပ်ဆင်ပေးသည်။ ဆက်လက်၍ မျက်စိကုသမှုခံယူမည့် ဒေသခံပြည်သူများအား တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး  လွိုင်ကော်မြို့၊         နောင်ယား(က)ရပ်ကွက်ရှိ ကယား ပြည်နယ် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ ရောက်ရှိကြပြီး  ပြတိုက်အတွင်း ကယားမျိုးနွယ်စု ပြခန်း၊ ဝတ်စားတန်ဆာပြခန်း၊ အသုံးအဆောင်ပြခန်း၊ တူရိယာပြ ခန်းနှင့် ဗုဒ္ဓဆင်းတုတော်ပြခန်း များအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။  ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယဉ်ကျေးမှုပြတိုက်အတွက်  အလှူငွေ ကျပ် ၁၀ သိန်းအား ပေးအပ်လှူဒါန်းသည်။
ယင်းနောက် လွိုင်ကော်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့သို့ရောက်ရှိကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးကော်မတီဥက္ကဌ ဦးခွန်စံလွင် နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။ ယင်းနောက် ဆီဆိုင်နှင့် ဘန်းယဉ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆီဆိုင်တပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမတွင် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းရာတွင်   ခိုင်ခိုင်မာမာဖြစ်စေရေး တပ်မတော်အနေဖြင့် ပါဝင်ကူညီလုပ်ဆောင်နေကြောင်း၊ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန် တပ်မတော်အနေဖြင့် စွမ်းရည်မြင့်မားရန် ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသားအားလုံး အေးအတူ၊ ပူအမျှ တူညီသည့် အကျိုးခံစား ခွင့်များရရှိအောင် လုပ်ဆောင်ပေးနေကြောင်း၊ အထူးသဖြင့် အားနည်း သည့်တိုင်းရင်း သားများအပေါ် အလေးထားအားပေးကူညီလုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလအတွင်းပြုလုပ်မည့် ရွေးကောက်ပွဲတွင်လည်း အခြေခံစဉ်းစားသင့်သည့် အချက်များအပေါ်တွင်မူတည်၍ မှန်ကန်စွာရွေးချယ် မဲပေးကြရမည်ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေ လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဥပဒေနှင့်အညီလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆီဆိုင်တပ်နယ်အတွက် သုတရသစာအုပ်စာစောင်များနှင့် ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ပြီး  စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့က  စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်မောင်မောင်အေးက အားကစား ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြသည်။ 
ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆီဆိုင်မြို့၊ မြို့လယ်ဓမ္မာရုံတွင်  တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ဆီဆိုင်မြို့နှင့် အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေး သည်။
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်းမြို့များနှင့် မော်ချီးဒေသ တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တို့တွင်လည်းကောင်း အဖွဲ့များခွဲကာ ၎င်းဒေသများနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား စက်တင်ဘာ ၂၁ ရက်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ယနေ့အထိ ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၇၀ ၊ ခွဲစိတ်ရောဂါ ၅၂၃ ဦး၊ ကလေးရောဂါ ၆၆၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၅၁ ဦး၊ အရိုးရောဂါ ၃၂၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၈ ဦး၊ မျက်စိရောဂါ ၆၂၃ ဦး၊ သွားရောဂါ ၃၇၁ ဦး၊ အခြားရောဂါ ၁၆၀ ဦး၊ စုစုပေါင်း ၄၅၂၅ ဦးတို့အား လိုအပ်သောကုသမှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး အထွေထွေခွဲစိတ်လူနာ ၂၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၅ ဦးတို့အား ခွဲစိတ်ကုသပေးကာ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သောလူနာ ၄၇ ဦးကိုလည်း သက်ဆိုင်ရာ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment