Thursday, September 24, 2015

တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွိုင်ကော် မြို့ ဘာသာရေးအဖွဲ့အစည်း များနှင့်တွေ့ဆုံ



နေပြည်တော်၊ စက်တင်ဘာ ၂၄
ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသော တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော် မြို့ရှိ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီသို့သွားရောက်ပြီး  စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ဂေါပကအဖွဲ့ဝင်များထံ အလှူငွေများပေးအပ်လှူဒါန်းပြီး စေတီတော်အား လှည့်လည်ကြည်ညိုကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်တင် ဘာ ၂၃ ရက် နံနက်ပိုင်းကလည်း လွိုင်ကော်မြို့ရှိ ရွှေတောင်ပရိယတ္တိ စာသင်တိုက် သို့ သွားရောက်၍ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက သက်တော် ၉၁ နှစ်ရှိ သက်တော်ရှည်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိအား သွား ရောက် ဖူးမြော်ကြည်ညိုသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်ချီးကျေးရွာရှိ မဟာအတုလမာန်အောင် ရန်အောင်မြင်ပြည်တော်အေး ဆုတောင်းပြည့်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် သာသနာ့အလင်းရောင်ကျောင်းတိုက်သို့ သွား ရောက်၍ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသီလဝံသအား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ညနေပိုင်းတွင် လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက်ရှိ လွိုင်ကော်ကက် သလစ်သာသနာ ဗဟိုကျောင်းတိုက်သို့ သွားရောက်ကြသည်။ ဦးစွာ ဘုန်းတော်ကြီး ရီးချက်သူရထွန်းက အဖွင့်ဆုတောင်းမေတ္တာရွတ်ပွားသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မည်သည့်ဘာသာ ကိုးကွယ်သည်ဖြစ်စေ ကိုးကွယ်သည့်ဘာသာများသည် အေးချမ်းတည်ငြိမ်ပြီး မိမိဘ၀တိုးတက်မှု၊ သာယာဝပြောမှုအတွက်၊ လူတစ်ဦးချင်း၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှုအတွက် လုပ်ဆောင်နေခြင်းဖြစ်၍ မည်သည့်ဘာသာပင်ဖြစ်စေ ညီအစ်ကိုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်နေသူများအဖြစ်ခံယူပြီး အားလုံးကို ညီညီညွတ်ညွတ်မျှမျှတတဖြင့် ဆောင်ရွက်နေပါကြောင်း၊ ထို့သို့ ဆက်လက် ဆောင်ရွက်သွားမည်ဆိုလျှင် မိမိနိုင်ငံအနေဖြင့် လက်ရှိတိုးတက်နေသည့် အရှိန် အဟုန်ထက် ပိုမိုမြန်ဆန်သည့် တိုးတက်မှုကို ရရှိလိမ့်မည်ဟု အပြည့်အဝ ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် လွိုင်ကော်ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဖင်းကျေးဖဲ၏ ကိုယ်စားလှယ်တော် ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂိုဏ်းအုပ်ဆရာတော် ဆိုတေးရိုဖါးမော(အငြိမ်းစား)ထံ အမှတ်တရလက်ဆောင်နှင့် ဆန် ၅၀အိတ်၊ ဆီ ၅၀ ပိဿာတို့ကို ပေးအပ်လှူဒါန်းသည်။ ဂိုဏ်းအုပ်ဆရာတော် ဆိုတေးရိုဖါးမော (အငြိမ်းစား)ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ပြည်နယ် ဝန်ကြီးချုပ်က မြို့တော်ခန်းမတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment