Wednesday, September 30, 2015

ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာတွင် ကလေးငယ်တစ်ဦး သေဆုံးခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာရှိ ဘုရားကျောင်းတွင် နေထိုင်သူ မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ ၎င်းကျောင်းမှ ယောက်ျားလေး တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် မလိုလား အပ်သောပြဿနာများ ထပ်မံမဖြစ်ပွားစေရေး တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ထိန်းသိမ်းဆောင် ရွက်လျက်ရှိသည်။ 
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာ နေထိုင်သူ ဦးခင်ဇော်ထွေးသည် ဘုရားကျောင်းတွင် ထားရှိသော ၎င်း၏သမီးဖြစ်သူ အသက်လေးနှစ်အရွယ်ရှိ မဇွန်ပွင့်ဖြူ (ခေါ်) မာဒီးနား ပျောက်ဆုံးသွားကြောင်း စက်တင်ဘာ (၂၄)ရက်က ပေါက်ခေါင်းမြို့နယ် ရဲစခန်းသို့ လာရောက် တိုင်ကြားသဖြင့် စုံစမ်းရှာဖွေခဲ့ရာ စက်တင်ဘာ (၂၇)ရက် မွန်းလွဲ (၂)နာရီက ပေါက်ခေါင်း-အုတ်တွင်း ကားလမ်း မိုင်တိုင် (၁၇) မိုင် (၇) ဖာလုံ မြောက်ဘက် ကိုက်(၁၀၀)ခန့်အကွာ တောင်ကမ်းပါးယံ အနီး ချုံတောအတွင်း၌ ပျောက်ဆုံးသူ၏ အလောင်းအား ရှာဖွေတွေ့ရှိပြီး ပေါက်ခေါင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 
အဆိုပါဖြစ်စဉ်အား ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ ယင်းဘုရားကျောင်းတွင် အတူနေသူ အသက် (၁၄) နှစ်အရွယ်ရှိ မောင်သက်ပိုင်ဦးသည် စက်တင်ဘာ (၂၄)ရက် နေ့လယ် (၁၂)နာရီခန့်က မဇွန်ပွင့်ဖြူအား တောင်ကမ်းပါးယံအနီးရှိ ချုံထဲသို့ ခေါ်သွားပြီး ဦးခေါင်းအား အုတ်ခဲဖြင့်ထု၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးခဲ့သူ မိန်းကလေးမှ ၎င်းအား မကြာခဏ ဆဲဆိုပြုမူသဖြင့် အုပ်ထိန်းသူများ မရှိချိန်တွင် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် မောင်သက်ပိုင်ဦး အား ဖမ်းဆီးပြီး ပေါက်ခေါင်းရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။ 
အဆိုပါ ဘုရားကျောင်းတွင် ညောင်ဝန်းနှင့် ရွှေတောင်ငွေတောင်ကျေးရွာ အုပ်စုများရှိ ကျေးရွာ များမှ ကလေးငယ် (၁၅)ဦး လာရောက်နေထိုင် စာသင်ကြားလျက်ရှိပြီး ၎င်းတို့တွင် ကျား (၇)ဦးနှင့် မ (၈) ဦးတို့ ပါဝင်ကာ အသက်အရွယ်မှာ လေးနှစ်မှ (၁၄) နှစ် အထိဖြစ်ကြောင်း၊ ၎င်းဖြစ်စဉ် ဖြစ်ပွား ပြီးနောက် စက်တင်ဘာ (၂၇)ရက် ညနေ (၄)နာရီခန့်က အုပ်ထိန်းသူ သုံးဦးနှင့် ကလေးငယ် (၁၃) ဦး တို့သည် ရွှေတောင်ငွေတောင် ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ ယင်းနေ့ ည (၈)နာရီခွဲ ခန့်က ညောင်ဝန်းကျေးရွာမှ ရွာသား (၂၀)ဦးခန့်သည် ၎င်းဘုရားကျောင်းရှိ ပရိဘောဂနှင့် လူသုံးပစ္စည်းအချို့အား ဖျက်ဆီးခဲ့သဖြင့် ပေါက်ခေါင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက အချိန်မီ သွားရောက်ထိန်းသိမ်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မလိုလားအပ်သော ပြဿနာများ ထပ်မံမဖြစ်ပွား စေရန်အတွက် စက်တင်ဘာ (၂၈)ရက် နံနက် (၉)နာရီခွဲခန့်က ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်ခရိုင် နှင့် ပေါက်ခေါင်းမြို့နယ်မှ တာဝန်ရှိသူများသည် ပြည်မြို့နှင့် ပေါက်ခေါင်းမြို့ရှိ ဘုရားကျောင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ရွာသူရွာသားများအနေဖြင့် ဒေါသအလျောက် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့၍ ရုတ်တရက် မှားယွင်းစွာ ပြုမူခဲ့ခြင်းအပေါ် တောင်းပန်ခဲ့ကြောင်း၊ တာဝန်ရှိသူများကလည်း နာရေး မိသားစုဝင်များထံ နာရေး ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား  ပေါက်ခေါင်း မြို့မရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment