Friday, September 25, 2015

မီးလောင်မှုအချိန်ကြာမြင့်ခဲ့ပြီး ကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့သည့် မင်္ဂလာဒုံ ကိုကာကိုလာ ကုန်ကြမ်း ဂိုဒေါင် မီးလောင်


ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဥယျာဉ် ဝင်းအတွင်း ရန်ကုန် စက်မှုဇုန်ရှိ ကိုကာကိုလာဘူးခွံ ကုန်ကြမ်း ဂိုဒေါင်၌ ယနေ့နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

“မီးလောင်တဲ့ ဂိုဒေါင်က လူမရှိဘူး။ မနေ့ည ရှစ်နာရီလောက် ကတည်းက ဂိုဒေါင်ပိတ်ပြီး ပြန်သွား ကြတယ်လို့ သိရပါတယ်။ မီးလောင် နေတာက နံနက် ၆ နာရီခွဲကတည်းက လောင်နေတာ။ ၇ နာရီလောက်မှာ ဘေးအိမ်က ညှော်နံ့ရမှ ဂိုဒေါင်ထဲမှာ မီးလောင်နေမှန်း သိရတယ်။ အဲဒီ့အချိန်ကျမှ မီးသတ်ကို အကြောင်းကြားလို့ မီးလောင်တဲ့ ပမာဏက ပိုများသွားတာပါ။ မီးငြှိမ်းရတဲ့ အခါမှာလည်း ဂိုဒေါင်ရဲ့ရှေ့ဘက် ကပဲ ငြှိမ်းလို့ရတယ်။ ဘေးတွေ နောက်တွေက ဝင်လို့မရလို့ အဆင့်မြင့်မီးသတ်ယာဉ် ဝါးတားတာဝါ ကရိန်းတွေပါသုံးပြီး ခေါင်မိုးပေါ် ကနေ ငြှိမ်းခဲ့ရတယ်။ အထဲမှာလည်း ကော်စေ့တွေနဲ့ဆိုတော့ မီးလောင် အားက တော်တော်ကောင်းတယ်။ ဒါကြောင့် မီးလောင်မှုအချိန်ကြာ သွားတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယ ညွှန်ကြား ရေးမှူး ဦးသော်တာက မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ရှင်းပြသည်။
အဆိုပါမီးလောင်မှုသည် နံနက် ခြောက်နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ကြာမြင့်ခဲ့ကြောင်း သိရပြီး မီးငြှိမ်းသတ်ယာဉ် ၄၅ စီး၊ အထောက်အကူပြုယာဉ် ရှစ်စီး၊ အုပ်ချုပ်မှုယာဉ်ခြောက်စီး၊ တိုင်း ကြက်ခြေနီမှ လူနာတင်ယာဉ် ကိုးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၆၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၀၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၉၅ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးငြှိမ်းသတ်ခဲ့မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက “ဒီနေရာက စက်မှုဇုန်လည်းဖြစ်တယ်၊ လောင်တာကလည်း ဂိုဒေါင်ဖြစ်နေ တော့ မီးကများတယ်။ ဒါကြောင့် မီးသတ်ယာဉ်စေလွှတ်မှုအဆင့်ကို Level 3 အထိသတ်မှတ်ပြီး စေလွှတ် ခဲ့ရပါတယ်။ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အပါအဝင် အခြားမိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းငြှိမ်းသတ်နိုင်ခဲ့လို့ နံနက် ၈ နာရီခွဲမှာ မီးကို ထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီမှာ အပြီးငြှိမ်းသတ် နိုင်ခဲ့ပါတယ်” ဟု မြန်မာ့သတင်းစဉ်က မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါမီးလောင်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ ဒေသခံ ဦးထွန်းဝင်းက လည်း “မီးလောင်နေတဲ့အချိန် မီး အားကလည်း ပြင်းသလို လေတိုက် တာကလည်းပြင်းတယ်။ မီးသတ်ယာဉ် တွေက လောင်တဲ့နေရာအထိ အကုန် သွားလို့မရဘူး။ ဘေးက မြေကွက်လပ် တွေကလည်း ရွှံ့ဗွက်တွေများတော့ အနီးကပ်ငြှိမ်းသတ်ဖို့ အခက်အခဲ ဖြစ်နေတာ တွေ့ရတယ်။ ဂိုဒေါင်ထဲမှာ ကော်စေ့တွေရှိတယ်လို့ ပြောသံ တော့ကြားရတယ်။ အဓိကကတော့ မီးလောင်တဲ့ ဂိုဒေါင်ကို မီးသတ်ယာဉ်တွေ တစ်ပြိုင်နက်မဝင်နိုင်တာလည်းပါပါတယ်” ဟု သူ၏အမြင်ကိုပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ကုန်ကြမ်းပစ္စည်းများနှင့် အကျယ် ပေ (၂၀၀_၂၅၀) ရှိ အာစီတစ်ထပ် ဂိုဒေါင် တစ်လုံး မီးလောင်ပျက်စီးခဲ့သဖြင့် စုစုပေါင်းမီးလောင်ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၁၂၅ သိန်းခန့်ဆုံးရှုံး ခဲ့ပြီး မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ အရန် မီးသတ်တပ်စုမှူးတစ်ဦး အပူလောင် ဒဏ်ရာရရှိခဲ့၍ မြောက်ဥက္ကလာပ ဆေးရုံသို့ ပိုဆောင်ခဲ့ရကြောင်း သိရသည်။ ထိုသို့ မီးလောင်ခဲ့ရသည့် အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက်တင်ဘာလဆန်းမှ ၂၄ ရက် အထိ ယခုမီးလောင်မှုအပါအဝင် မီးလောင် မှုမှာ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လအတွင်း၌လည်း မီးလောင်မှု ၁၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ သတင်း-ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ-ကိုကျော်

No comments:

Post a Comment