Friday, September 25, 2015

ဘူဆန်ပန်းပုပွဲတော်သို့ မြန်မာနိုင်ငံမှ ပန်းပုဆရာနှစ်ဦး သွားရောက်မည်


ရန်ကုန် စက်တင်ဘာ ၂၄
နိုင်ငံတကာမှ ပန်းပုပညာရှင်များစွာ လာရောက်ပြသမည့် ဘူဆန်ပန်းပုပွဲတော်သို့ မြန်မာနိုင်ငံမှ ပန်းပုပညာရှင် နှစ်ဦးဖြစ်သည့် ဦးချမ်းအေးနှင့် ဦးမင်းဆွေတို့မှလည်း ယင်းတို့၏ ပန်းပုလက်ရာများကို သွားရောက်ပြသမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ ဘူဆန်ပန်းချီ၊ ပန်းပုအနုပညာ အဖွဲ့အစည်းမှ စီစဉ်ဆောင်ရွက်ပြီး အောက်တိုဘာ ၁၀ ရက်မှ ၁၈ ရက်ထိ ကျင်းပမည့် အဆိုပါပြပွဲတွင် တစ်ဦးစီကို ပန်းပုလက်ရာတစ်ခုစီဖြင့် ပြသခွင့်ရရှိမည်ဟု သိရသည်။ ထို့ကြောင့် ဘူဆန်ပန်းချီ၊ပန်းပုပွဲတော်တွင် ထုဆစ်မည့် ပန်းပုဒီဇိုင်းနှင့်ပတ်သတ်၍ ဦးချမ်းအေးက “ဘူဆန်က ခုမှရောက်မယ့် အတွေ့အကြုံဖြစ်နေတော့ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို စာတွေ့နဲ့ ရုပ်ရှင်တွေမှာလောက် ပဲသိသေးတာပါ။ ဘယ်လိုပန်း ပုထုဖြစ်မလဲဆိုတာ သူတို့ ပေးတဲ့ ပစ္စည်းနဲ့ သူတို့ရဲ့ယဉ်ကျေးမှု ဓလေ့ပေါ် မှုတည်ပြီး မြန်မာ့အငွေ့အသက်တွေပါတဲ့ ပန်းပုမျိုးကိုပဲ ထုဆစ်ပြသမှာပါ” ဟု ပြောသည်။
ပန်းပုပညာရှင် ဦးချမ်းအေးသည် ၁၉၈၀ ကျော်နှစ်များတွင် ရန်ကုန်အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့ သည့် မန္တလေးမြို့သားအနုပညာရှင်တစ်ယောက်ဖြစ်သည်။
သူသည် မည်သည့်အရာဝတ္ထုပစ္စည်းမှာမဆို လူသား မျက်စိဖြင့် မမြင်နိုင်သည့် အပေါက်ကလေးတွေ ကြား လေဟာနယ်ရှိသည်ဆိုသည့် အဓိပ္ပာယ်ကို ကိုးကားပြီး အချိုင့်ကလေးများကို ထုထွင်းကာ သူ၏ ပန်းပု လက်ရာ များကို ဗုဒ္ဓ၊ အဘိဓမ္မာတရားများဖြင့် ပေါင်းစပ်၍သော် လည်းကောင်း၊ အတိတ်ကာလတစ်ခုစီမှ ဖြတ်သန်း လာသည့် ပစ္စည်းများဖြင့် သော်လည်းကောင်း၊ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုနှင့် သွယ်ဝိုက်စွာ ပတ်သက် နေသည့် ပစ္စည်းများဖြင့်သော်လည်းကောင်း စသည်တို့ကို ကိုယ်ပိုင် အတွေးဖြင့် မော်ဒန်အယူအဆ တွဲဖက်ကာ တီထွင်ဖန်တီး နေသူတစ်ယောက် ဖြစ်သည်။
ထို့အတူ ဦးမင်းဆွေသည် မှော်ဘီမြို့ဇာတိ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလ များတွင် ရန်ကုန်အနုပညာ လောကထဲသို့ ဝင်ရောက်လာသူ တစ်ဦးဖြစ်သည်။ သူ၏ ပန်းပုလက်ရာများတွင် ပျော့ပျောင်းသည့် မြန်မာ့ဟန်များကို အများဆုံးတွေ့ရှိရပြီး နိုင်ငံ၏အခြေအနေ၊ လူသားတို့၏ စရိုက်များကို မေတ္တာတရားဖြင့်သော် လည်းကောင်း၊ အလှတရားများ ဖြင့်သော် လည်းကောင်း ကိုယ်ပိုင်အတွေးများကို မော်ဒန်အယူအဆများဖြင့် တွဲဖက်ကာ ကိုယ်ပိုင်ဟန်ဖြင့် တီထွင်ဖန်တီးသူ ဖြစ်သည်။
“ပန်းပုဆရာတွေက စိတ်သိနဲ့လက်သိ သွားရတာ။ လက်ကလည်းသိရသလို စိတ်ကလည်း သိနေရမယ်။ အားလုံးတစ်သားတည်းကျနေပြီဆိုမှ ကိုယ့်ရဲ့ အတွေးတွေက ရုပ်လုံးပေါ်လာမှာ။ ဦးလေးတို့ အနုပညာ ရှင်တွေက ဒီလိုပန်းပုတွေထုဆစ်တယ်ဆိုတာ ဈေးကွက်အတွက် မဟုတ်ဘူး။ နောင်လာနောက်သားတွေ အတွက် စိတ်ကူး စိတ်သန်းတွေကို ချန်ခဲ့ပေးချင်တဲ့စိတ်နဲ့ ထုဆစ်ခဲ့ကြတာပါ။ ဦးလေးအခု ကိုရီးယားမှာပြမယ့် ပုံစံကိုအကြမ်းဆွဲထားတယ်။ အဲဒါက တောင်နဲ့မြောက်ကို ကိုယ်စားပြုမယ့် ပန်းပု လေးရဲ့ထိပ်မှာ ဂျိုးငှက် လေးကို ငြိမ်းချမ်းရေးသင်္ကေတနဲ့ ထုဆစ်ထားမယ့်။ ရန်ကုန်မှာနေရင် ရန်ကုန်ရဲ့ စိတ်ထားရသလို သူများနိုင်ငံ ရောက်ရင်လည်း သူတို့ နိုင်ငံရဲ့ယဉ်ကျေးမှုကို အလေးထားရမယ်လေ။ အဲဒါကိုမှ ဖျော့တဲ့ကာလာအရောင် လေးတွေကိုပဲ သုံးဖြစ်မှာပါ” ဟု ဦးမင်းဆွေက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ခေတ်ပြိုင်မော်ဒန် ပန်းချီ၊ ပန်းပုဈေးကွက်အတွက် ဝယ်ယူသူအများစုမှာ နိုင်ငံခြား သားခရီးသွား ဧည့်သည်များသာဖြစ်သည်။ ပန်းပုဟုဆိုရာတွင် ပြည်တွင်းဝယ်ယူသူအများစုမှာ ဘုရားကျောင်း ကန်၊ ဇရပ်၊ မင်းသား၊ မင်းသမီး၊ ခြင်္သေ့၊ ကျားရုပ်တု အစရှိသည်များကိုသာ ထုဆစ်သူများဟု သတ်မှတ်ခဲ့ကြ သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဟန်များဖြင့် ဖန်တီးကြသူများ နိုင်ငံတကာ အနုပညာ လက်ရာများနှင့် ယှဉ်တွဲပြသနိုင်သော အနုပညာရှင် အများအပြားရှိကြသည်။ ပန်းပုရုပ်တစ်ခုသည် နောင်နှစ် ပေါင်းများစွာတိုင် ဆက်လက်တည်ရှိနိုင်သည်။
ထို့အတူပန်းပုရုပ်နှင့်တွဲလျက် ပါရှိနေသော ယဉ်ကျေးမှု တစ်ခုသည်လည်း နောင်နှစ်ပေါင်းများစွာတိုင် ဆက် လက်တည်ရှိသွားမည်ဖြစ်သည်ဟု ပန်းပုပညာရှင် ဦးချမ်းအေးက ဆက်လက်ပြောသည်။

No comments:

Post a Comment