ရန်ကုန် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့်
ကီလိုမီတာ (၂၀) အကွာအဝေးတွင် တည်ရှိသည့် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့်စီမံကိန်း
ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်
ရန်ကုန်တောင် ပိုင်းခရိုင် သီလ၀ါ အထူးစီးပွားရေးဇုန်၌ ကျင်းပရာ မြန်မာအထူးစီးပွားရေး
ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ ဥက္ကဌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ
ဦးဥာဏ်ထွန်း နှင့် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေး ၀န်ကြီး မစ္စတာတာ ရို
အာစို တို့တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ၀န်ကြီးများ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်
စက်မှုဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ယိုစုကီ တာကာကီ နှင့်တာဝန်ရှိ သူများ၊ သီလ၀ါအထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ-ဂျပန်
သီလ၀ါဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံအမတ်ကြီး
မစ္စတာ တာတဲရှိဟိဂုချိ နှင့် သံရုံးအဖွဲ့ဝင်များ၊မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ၊
သီလ၀ါအထူး စီးပွားရေးဇုန်အတွင်း ရင်း နှီးမြှုပ်နှံလျက်ရှိသည့် ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင် များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ဂျပန် နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန
ဝန်ကြီး မစ္စတာ ယိုစုကီ တာကာကီ တို့က အဖွင့်အမှာစကား
ပြောကြားကြသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ
ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင်
သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီး တည်ဆောက်သူ မြန်မာ-ဂျပန် သီလ၀ါတည်ဆောက်ရေး ကုမ္ပဏီလီမိတက်တို့သည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့်
ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့ ရှေ့မှောက်တွင် သဘောတူညီကတိက၀တ်ပြု
လုပ်ကာ သီလ၀ါအထူးစီးပွား ရေးဇုန် ခရီးလမ်းကို စတင်လျှောက်လှမ်း ခဲ့ကြပါကြောင်း၊ယခု
ဖွင့်လှစ်သည့် သီလ၀ါ အထူး စီးပွားရေးဇုန်သည် မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ အကြားခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု၏
ပြယုဂ်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများစွာကို ကောင်းတူဆိုးဘက် ဖြတ်သန်းလျှက် နှစ်နိုင်ငံအတူ
တစ်ကွ စီမံပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ပြီး အတူတစ်ကွ အောင်မြင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊နှစ်နိုင်ငံ
အစိုးရနှင့်နှစ်နိုင်ငံ ပုဂ္ဂလိက ကဏ္ဍတို့၏ကတိက၀တ်ပြုမှု နှင့် အထောက်အပံ့များ မပါဘဲ ယခုအဆင့်သို့
မည်သို့မျှ ရောက်ရှိနိုင်မှာ မဟုတ်ပါကြောင်း၊ သီလ၀ါအထူး စီးပွားရေးဇုန်သည် မြန်မာ နိုင်ငံ၏ပထမဆုံး
အထူးစီးပွားရေး ဇုန် ဖြစ်သည် နှင့်အညီ မိမိတို့ ၏ ရည်မှန်းချက် သည် ရင်းနှီး မြှုပ်နှံမှုနှင့်
ကုန်သွယ်မှု မြင့်မားရေး ဆိုသည့် ဒေသတွင်း နိုင်ငံများ၏ သာမန် ရည်မှန်းချက် ထက်များစွာ
ပိုမိုပါကြောင်း၊ မိမိတို့ ၏ ရည်မှန်း ချက်မှာ
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍပါရာဒိုင်းအရွေ့(Paradigm shift)ပင်ဖြစ်ပါကြောင်း၊
ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ အတွက် ကောင်းမွန်သောရင်းနှီးမြှပ်နှံမှု ၀န်းကျင်ကို
ဖန်တီး ရန်အတွက် အတွေးအမြင်အသစ်များ၊ မူဝါဒအသစ်များ ၊ လုပ်ထုံး လုပ်နည်း အသစ်များ နှင့်အတူအခန်း
ကဏ္ဍများစွာတွင် ညှိနှိုင်းပေါင်းစပ် အဆင်ပြေစေမည့် ရင်းနှီးမြုပ်နှံပုံစံကို သီလ၀ါအထူးစီးပွား
ရေးဇုန်အဖြစ် စတင်ခဲ့ပြီးဖြစ်ပါကြောင်း။
သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူများ
ကလည်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှု များအဖြစ် နမူနာ ကောင်းကို ပြသနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊
သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ချက်ကို ပြုလုပ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
စီမံခန့်ခွဲမှု အစီအစဉ်အား နိုင်ငံတကာအကြံပေးအဖွဲ့ ဖြင့်ရေးဆွဲ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊သဘာဝ
ပတ်ဝန်းကျင် ကိုထိခိုက်မှု မရှိစေဘဲ စက်မှု ကဏ္ဍကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေနိုင်သည်
ဆိုသည် ကိုလည်း သီလ၀ါ အထူးစီးပွားရေး ဇုန်က သက်သေ ပြနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံ၏ စီးပွားရေးရင်းနှီးမြုပ်နှံမှု
အပြောင်းအလဲသမိုင်းတစ်ကွေ့ကို မိတ်ဆွေ ဂျပန်နိုင်ငံ နှင့် အတူဖြတ်သန်းခွင့် ရရှိသည့်အတွက်
များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အလားတူ သီလ၀ါ အထူးစီးပွားရေး ဇုန်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံ
သူမိတ်ဆွေများကလည်း မိမိတို့နှင့်ထပ်တူ ၀မ်းမြောက်ဂုဏ်ယူကြမည် ဟုယုံကြည်ပါကြောင်း၊
ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခု
ဖန်တီးနိုင်ရန်ရည်ရွယ်ချက်ကို အကောင် အထည်ဖော်နိုင်ရန် သီလ၀ါအထူးစီးပွားရေးဇုန်၌ တစ်နေရာထဲတွင်
ဝန်ဆောင်မှုပေးသော One Stop Service Center
သည် အလွန်အရေးကြီးကြောင်း၊ မလိုအပ်သည့် လုပ်ထုံး လုပ်နည်းများကို လျှော့ချ၍ လွယ်ကူရှင်းလင်းပြီး
မြန်ဆန်သော လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးရန် တည်ထောင်ခဲ့ပြီး စံပြုလုပ်ထုံး လုပ်နည်းများကိုလည်း
ရေးဆွဲခဲ့ကြောင်း၊ သီလ၀ါ အထူးစီးပွားရေးဇုန်သည် မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်
မိတ်ဘက်ဆက်ဆံရေးမှ ပေါက်ဖွားလာခြင်းဖြစ်သော်လည်း နိုင်ငံတကာတာဝန်သိ ရင်းနှီးမြှုပ်နှံသူအားလုံးကို
လည်း တံခါးဖွင့် ကြိုဆိုလျက်ရှိပါကြောင်း၊ထို့ကြောင့်လည်း ရပ်ဝေးရပ်နီးနိုင်ငံပေါင်းစုံက
ရင်းနှီးမြှပ်နှံသူများသည် သီလ၀ါအထူးစီးပွားရေးဇုန်တွင် စိတ်အားထက်သန်စွာဖြင့် ရင်းနှီး
မြှပ်နှံရန် လာရောက်စာရင်းပေး ထားပြီးဖြစ်ပါကြောင်း၊ ရင်းနှီးမြှပ်နှံသူအားလုံးကို
သီလ၀ါအထူး စီးပွားရေးဇုန်အနေဖြင့် လက်ကမ်းကြိုဆို လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်
ဘဏ္ဍာရေးဝန်ကြီး မစ္စတာတာ ရို အာစို က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး
ဦးသိန်းစိန်၏ ဦးဆောင်မှု အောက်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် တစ်ဆင့်ခြင်း
တစ်ဆင့်ခြင်း ခိုင်ခိုင်မာမာဖြင့် တိုးတက်လာပါကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏
အသစ်တစ်ဖန် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ
ပူးပေါင်းကာ တက်တက်ကြွကြွဖြင့် အစွမ်းကုန်အားပေးထောက်ပံ့ လျက်ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲ
ရေးနှင့် ထောက်ပံ့ရေးများမှ တစ်ဆင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ ကောင်းမွန်သည့်
လည်ပတ်မှုကို ဖော်ဆောင်နိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်များကို မြန်မာပြည်သူပြည်သားများ လက်တွေ့ခံစားနိုင်ရန်အရေးကြီးပါကြောင်း၊
ရန်ကုန်မြို့ပြ၏ အနီးတွင်တည်ရှိသည့် သီလ၀ါအထူးစီးပွားရေး ဇုန်ဖွံ့ဖြိုး တိုးတက်ရေးသည်
မြန်မာနိုင်ငံ အတွက် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီး
ပေးနိုင်စွမ်းကို ဖြစ်စေမည့် အထူးအရေးပါသည့် စီမံကိန်းဖြစ်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊
မိမိအနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ သို့လာရောက်ခဲ့ပြီး သီလ၀ါအထူး
စီးပွားရေးဇုန်သို့လည်း လာရောက်ခဲ့ပါကြောင်း၊ ယခု နှစ်နှစ်အကြာတွင် သီလ၀ါသည် အရှိန်အဟုန်ဖြင့်
တိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်း၊ ၂၀၁၄ မေလတွင် မြေနေရာစတင် ရောင်းချခဲ့သည့်အချိန်မှစ၍
ယခုအချိန်ထိ ကုမ္ပဏီပေါင်း (၄၇)ခု ရင်းနှီး မြုပ်နှံမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊
ယင်းကုမ္ပဏီ များသည် ဂျပန်၌ သာမက အာရှတစ်ခွင်တွင် အတွေ့အကြုံရှိသည့် ကုမ္ပဏီများဖြစ်ပါကြောင်း၊
ထို့ကြောင့် မြန်မာ နိုင်ငံသည် နိုင်ငံတကာစီးပွားရေး အဆင့်အတန်းသို့ တက်လှမ်းနိုင်ရေးအတွက်
အလားလာ ကောင်းများ ပင်ဖြစ်ပါကြောင်း၊ သီလ၀ါအထူးစီးပွား ရေးဇုန်သည် ဂျပန်နည်းပညာဖြင့်
တည်ဆောက်ထားပြီး ပတ်ဝန်းကျင်နှင့် လူမှုဘ၀များကိုပါ နိုင်ငံတကာစံနှုန်း နှင့် အညီ ထည့်သွင်းတည်ဆောက်ထားသည့်
အထူးစီးပွားရေး ဇုန်ဖြစ်ပါကြောင်း၊ သီလ၀ါအထူး စီးပွားရေးစီမံ ကိန်းမှတစ်ဆင့် မြန်မာနှင့်
ဂျပန်နှစ်နိုင်ငံလုံး အတွက် အကျိုးရလဒ်ကောင်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊
ပထမအဆင့်စီမံကိန်းအောင်မြင်ခြင်းမှ တစ်ဆင့်နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်
စေပါကြောင်းကိုလည်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဂျပန်သီလ၀ါအများပိုင်ကုမ္ပဏီလီမိတက်
ကိုယ်စားလှယ် Mr.Nakamura နှင့် မြန်မာသီလ၀ါ အများပိုင် ကုမ္ပဏီလီမိတက်ဥက္ကဌ ဦးဝင်းအောင်တို့က
နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထိုနောက် သီလ၀ါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့်စီမံကိန်း
ဖွံ့ဖြိုးတိုးတက်မှု ဧရိယာ အဖြစ် အကောင်အ ထည်ဖော်ရန် ဟက်တာ(၅၀၀) မှ (၇၀၀)ခန့် သတ်မှတ်သည့်
နားလည်မှု စာချွန်လွှာ(MOU)ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာတာ
ရိုအာစို တို့ ရှေ့မှောက်တွင် နှစ်နိုင်ငံနှစ်ဖက်ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်
ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်တို့ ဦးဆောင်သော အဖွဲ့ဝင်များ သည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ
ရိုက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နှင့်
ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် တို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်များသည် သီလ၀ါအထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီရုံး၌ ဖွင့်လှစ် ထားရှိသည့် One Stop Service Center ကိုကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့်စီမံကိန်း ဖွင့်ပွဲ အခမ်းအနားကို
အဆိုပါအထူး စီးပွားရေးဇုန် မုခ်ဦးရှေ့ဥပစာ၌ကျင်းပရာ ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် ဂျပန်နိုင်ငံဒုတိယ
ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာတာရိုအာစိုတို့က မုခ်ဦးကိုစက် ခလုပ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်
ဂျပနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာတာရိုအာစို တို့ ဦးဆောင်သော
နှစ်ဖက်ကိုယ်စားလှယ်များသည် ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် ဒုတိယသမ္မတ
ဦးဥာဏ်ထွန်း နှင့် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်တို့ ဦးဆောင်သော အဖွဲ့ဝင်များသည်
သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မကြာမီဖွင့်လှစ်မည့်
KOYORAD (Japan)ကုမ္ပဏီ၏ လုပ်ငန်းဆောက်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် မြန်မာအထူးစီးပွါးရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်း
အဖွဲ့ ဥက္ကဌဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဂျပန်နိုင်ငံ စီးပွါးရေး၊ ကုန်သွယ်ရေးနှင့် စက်မှု
ဝန်ကြီး ဌာန ၀န်ကြီး မစ္စတာ ယိုစုကီတာကာဂီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရန်ကုန်မြို ဆီဒိုးနား ဟိုတယ်၌ လက်ခံတွေ့ဆုံပြီး
သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်းများ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး
၊ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ကဏ္ဍတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို
ဆွေနွေးခဲ့ကြသည်။
ထို့နောက် သီလ၀ါ အထူးစီးပွါးရေးဇုန် ဖွင့်ပွဲ
အထိမ်းအမှတ် ညစာစားပွဲကို ညနေ (၅) နာရီခွဲတွင် ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်၌ကျင်းပရာ
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာ
တာရိုအာစို တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းသည်
၂၀၁၂ခုနှစ် ဧပြီ ၂၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် စတုတ္တအကြိမ်မြောက်
မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့အကြား
နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမှ အစပြုခဲ့သည့်
စီမံကိန်းတစ်ရပ်ဖြစ်သည်။
ထို့နောက် သီလ၀ါအထူးစီးပွါးရေးဇုန်ကိုရင်းနှီးမြှုပ်နှံတည်ဆောက်ရန်
ပူးပေါင်းဆောင် ရွက်မှု မှတ်တမ်းလွှာ (MOC) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ်
ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ မြန်မာနှင့်ဂျပန်ကုမ္ပဏီများ သီလ၀ါအထူးစီးပွါးရေး
ဇုန်ကို ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် နားလည်မှု သဘောတူစာချွန်လွှာ (MOU) လက်မှတ်ရေး
ထိုးခြင်းကို ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်တွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏
မြန်မာနိုင်ငံခရီးစဉ်အတွင်း သီလ၀ါဆိပ်ကမ်း၌လည်းကောင်း လက်မှတ်ေ ရး ထိုးခဲ့ကြသည်။
ဆက်လက်၍ သီလ၀ါအထူးစီးပွါးရေးဇုန် ရင်းနှီးတည်ဆောက်ရန်အတွက်
ဖက်စပ် ကုမ္ပဏီ ဖွဲ့စည်းရန် သဘောတူညီချက် (JV Agreement) လက်မှတ်ရေးထိုးခြင်း အခမ်းအနား
ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ လည်းကောင်း၊ သီလ၀ါ
အထူးစီးပွါးရေးဇုန် စီမံကိန်း ပထမအဆင့်စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်း စတင်သည့် အခမ်း
အနား (Commencement Ceremony ) ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် သီလ၀ါ အထူးစီးပွါးရေးဇုန်၌လည်းကောင်း
ကျင်းပခဲ့သည်။
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းသည်
ဟက်တာ (၂၄၀၀) ကျယ်ဝန်းသည်။ စီမံကိန်းပထမအဆင့်အဖြစ် (၃၉၆) ဟက်တာ ကို အကောင်ထည်ဖော်ခဲ့ခြင်း
ဖြစ်ပြီး အဆိုပါ ဧရိယာအတွင်း လူနေနှင့်စီးပွါးရေးဧရိယာ (၃၅) ဟက်တာလည်း ပါဝင်သည်။ စီမံကိန်း
ပထမ အဆင့်အတွက် အမေရိကန်၊ဆွီဒင်၊ ဂျပန်၊တရုတ်၊ ကိုရီးယား၊သြစတြေးလျနှင့် အရှေ့တောင်
အာရှနိုင်ငံများအပါအ၀င် နိုင်ငံပေါင်း (၁၃) နိုင်ငံမှ ကုမ္ပဏီပေါင်း (၄၇)ခု လုပ်ကိုင်ခွင့်
ရရှိထားသည်။ လက်ရှိတွင် စီမံကိန်းပထမအဆင့် ဧရိယာအတွင်း ကုမ္ပဏီ(၁၃)ခုမှာ ဆောက်လုပ်ရေးလုပ်ငန်းများကို
စတင်ဆောင်ရွက်နေပြီဖြစ်သည်။
No comments:
Post a Comment