Monday, September 28, 2015

နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး





နေပြည်တော် စက်တင်ဘာ ၂၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်သည် တာဝန် ရှိသူများနှင့်အတူ စက်တင်ဘာ (၂၇)ရက် မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၌  ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အလုပ်သမားရေး ရာဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Mr.Kawasaki Jiro ဦးဆောင်သည့် အဖွဲ့အား တွေ့ဆုံကာ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  Mr. Kawasaki Jiroက မြန်မာနိုင်ငံ၏ ရေပေးဝေမှုစနစ်၊ ကျန်းမာရေး အာမခံစနစ်၊ ဆေးပညာ သင်ကြားရေးနှင့် ကုသရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ပစ္စည်းကိရိယာများနှင့်  နည်းပညာ များပံ့ပိုးပေးမည့်  အစီအစဉ်များကိုပြောကြားရာ  ပြည်ထောင်စုဝန်ကြီးက ရေကောင်း ရေသန့် ရရှိရေးသည်  ကျန်းမာရေးအတွက် အလွန်အရေးကြီးသဖြင့်  ရေကောင်းရေသန့် ရရှိရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက် လိုပါကြောင်း၊ ဆေးပညာ သင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများအတွက် နည်းပညာနှင့်ပစ္စည်း ကိရိယာများပံ့ပိုး ကူညီခြင်းများကို လည်း ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး  ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောခွဲစိတ်မှုပညာ ဌာနနှင့်  ဂျပန်နိုင်ငံမှ  Japan  International  Medical  Co- Operation  Organization (JIMCO) အဖွဲ့တို့   ကုသရေးလုပ်ငန်းများ  ပူးပေါင်း ဆောင် ရွက်နေမှုများကို  ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်မှုပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမြတ်သူက         ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်  Mr. Kawasaki Jiro  တို့သည်  ဆေးတက္ကသိုလ်(၁)ရန်ကုန်ရှိ  Emergency  Medicine  Skill  lab  Training  Room တွင် ဂျပန်နိုင်ငံ၊ Japan  International  Co- Operation  Organization (JIMCO) အဖွဲ့မှ လှူဒါန်းထားသော သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ကြည့်ရှူကြသည်။
ထို့နောက်ဆေးတက္ကသိုလ်(၁) ရန်ကုန်ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုး က လှူဒါန်းမှုအတွက်  ကျေးဇူးတင်စကားပြောကြားကာ Skill Training Laboratory တွင် လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှု လေ့လာခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment