Monday, September 28, 2015

ကျား မ တန်းတူရည်တူရှိရေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်ြမှင့်တင်မှုဆောင်ရွက်ရန် ကမ္ဘာ့ ခေါင်းဆောင်များ ကတိက၀တ်ပြု

နေပြည်တော် စက်တင်ဘာ ၂၈
 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် စက်တင်ဘာ ၂၇ ရက်  နံနက် (၉)နာရီတွင် ကုလသမဂ္ဂ ဌာနချုပ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် UN Women တို့မှ ကြီးမှူးသည့် ကျား/မ တန်းတူ ရည်တူရှိရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု အကောင်အထည်ဖော် ဆောင်ရွက်ရန် ကမ္ဘာ့ ခေါင်းဆောင်များ၏ ကတိကဝတ်ပြုသည့် အခမ်းအနားသို့ တက်ရောက်သည်။

ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထိပ်သီး အစည်းအဝေး၏ နောက်ဆုံးနေ့တွင် ပေကျင်းကြေညာချက်နှင့် လုပ်ငန်းစဉ်၏ နှစ် (၂၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အခမ်းအနားဖြစ်သည်။ အခမ်းအနားတွင် ကျား/မ တန်းတူ ရည်တူရှိရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုအတွက် ‘‘Beijing+20” ဗွီဒီယိုကို ပြသ ခဲ့ပြီးနောက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က အဖွင့်မိန့်ခွန်း ပြောကြားသည်။
မစ္စတာ ဘန်ကီမွန်းမှ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့လူဦးရေထက်ဝက်အတွက် တန်းတူရည်တူနှင့် အပြည့်အဝအခွင့်အရေး မရရှိပါက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ ခုနှစ် အစီအစဉ် ရည်မှန်းချက်သစ်များကို အောင်မြင်ရရှိနိုင်မည် မဟုတ်ကြောင်း၊ ကျား/မ တန်းတူ ရည်တူရှိရေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်မှုအတွက် ကမ္ဘာ့ခေါင်းဆောင် များက ကြိုးပမ်းသွားကြရမည် ဖြစ်ကြောင်း၊ ၂၀၃၀ ခုနှစ် အစီအစဉ် ရည်မှန်းချက်များ ပြည့်မှီရန် လူမှုအဖွဲ့အစည်းနှင့် အမျိုးသမီးအဖွဲ့ အစည်းများ၊ လူ့အခွင့်အရေး စောင့်ရှောက်သူများ၏ အခန်း ကဏ္ဍသည်လည်း အရေးကြီး‌ကြောင်း၊ ကျား/မ တန်းတူ ရည်တူရှိရေး ပိုမိုမြှင့်တင်ရန် ပုဂ္ဂလိက ကဏ္ဍကိုလည်း တိုက်တွန်းအပ်ပါကြောင်း စသည်ဖြင့်  ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုနှင့် UN Women ၏ လုပ်ငန်းအား အထောက်အကူပြုရန်၊ ပေကျင်းကြေညာ ချက်နှင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရန်နှင့်  ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးမှုအစီအစဉ်၏ ရည်မှန်းချက် ပန်းတိုင်များအား အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံမှ UN Women သို့ အမေရိကန်ဒေါ်လာ (၁၀)သန်း ထည့်ဝင်သွားမည်ဖြစ်ကြောင်း၊ လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် အမျိုးသမီးနှင့် ကလေး သူငယ်များအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကျန်းမာရေး စီမံကိန်း ၁၀၀ အား အကောင်အထည်ဖော် ဆောင်ရာ၌ ကူညီသွားမည် ဖြစ်ကြောင်း၊ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့များကိုလည်း စေလွှတ်သွားမည် ဖြစ်ကြောင်း၊ မိန်းကလေးငယ်များ ကျောင်းနေမှု တိုးမြှင့်ရန် ဘဏ္ဍာငွေ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အမျိုးသမီး ၃၀,၀၀၀ အား တရုတ်နိုင်ငံတွင် သင်တန်းအစီအစဉ်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာသင်တန်း ၁၀၀,၀၀၀ ပံ့ပိုးပေးမည်ွဖစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် မက္ကဆီကို၊ ဒိန်းမတ်နှင့် ကင်ညာနိုင်ငံတို့နှင့် အခြားနိုင်ငံ များမှ နိုင်ငံအကြီးအကဲနှင့် အစိုးရအကြီးအကဲတို့မှ မိန့်ခွန်းများ ဆက်လက်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စပိန်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ  အစ်ဂ်နာဆီရို ဘနိစ် ရူဘီရိုနှင့် လည်းကောင်း၊ နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘောဂီ ဘရန်ဒီနှင့်လည်းကောင်း တွေ့ဆုံသည်။ 
၎င်းနောက် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးအား ဂုဏ်ပြုကြိုဆို သည့် နယူးယောက်မြို့ရှိ ဂျပန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယူးယောက်မြို့ Time Square Sheraton  ဟိုတယ်၌ ပြုလုပ်သည့် ကလင်တန်၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် ၂၀၁၅ Clinton Global  Citizen  Award ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။   Clinton   Global Initiative (CGI) သည် ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသည့် အရေးကြီးကိစ္စရပ်များကို တီထွင်ကြံဆဖြေရှင်းရန် ဦးတည်သည့် အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ကလင်တန်မှ ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းထားသော အဖွဲ့ အစည်း ဖြစ်သည်။

No comments:

Post a Comment