Friday, September 25, 2015

သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့ဖလမ်းမြို့၌ သဘာဝရေဘေးသင့် ပြည်သူများအား အလှူ ငွေနှင့် ပစ္စည်းများ လှူဒါန်း


နေပြည်တော် စက်တင်ဘာ ၂၄
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဥာဏိဿရသည် စက်တင်ဘာ ၂၃ ရက်တွင် ဖလမ်းမြို့သို့ ရောက်ရှိပြီး ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီးအတွင်း လှည့်လည် ကြည့်ရှု၍ ဆေးရုံအတွက် လိုအပ်သည့် ခွဲစိတ်ကိရိယာ ပစ္စည်းများ ပေးပို့လှူဒါန်းမည့် အစီအစဉ်များကို ရှင်းလင်း မိန့်ကြားခဲ့သည်။ ထို့နောက် ဖလမ်းမြို့ အမျိုးသမီး အိမ်တွင်းသက်မွေးပညာ သင်ကျောင်းခန်းမ၌ ပြုလုပ်သော သဘာဝဘေးဒဏ်သင့်ပြည်သူများအား အလှူငွေ နှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း ပွဲသို့ ကြွရောက်၍ သြဝါဒစကားမြွက်ကြား ချီးမြှင့်သည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရကိုယ်စား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ဖလမ်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းအတွက် ငွေကျပ် သိန်း ၁ဝဝ ကို ပေးအပ်လှူဒါန်းရာ ဖလမ်းမြို့ ထေရ ဝါဒဗုဒ္ဓ သာသနာ ပြုဗဟိုကျောင်း ဆရာတော် ဦးအရိယဝံသက လည်းကောင်း၊ ဖလမ်းမြို့နယ် အတွင်း ရေဘေး သင့်ပြည်သူများအတွက် ဆန် ၁၇၉ အိတ်၊ ငါးခြောက် ခုနစ်အိတ်၊ ပဲအိတ် ၃ဝ၊ ဆား ၅ အိတ်၊ စားသုံးဆီ ၁၅ ပုံးနှင့် စားသောက်ကုန် ပစ္စည်းများကို လှူဒါန်းပေးအပ်ရာ ဖလမ်းခရိုင်အုပ်ချုပ် ရေးမှူး ဦးထင်ကျော်အေးနှင့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဖရန်စစ်(စ)တီယမ်း အုပ် တို့ကလည်းကောင်း၊ သီတဂူသာသနာပြုအဖွဲ့ ဦးမြင့်အောင် (ဗိုလ်စိန်မှန်)၊ ဦးမြင့်အောင်(သီရိမင်္ဂလာဈေး)၊ ဦးဝင်းထွန်းနှင့် ဦးမောင်မောင်တို့က ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ် ခန်းသုံး ပစ္စည်းကိရိယာများကို လှူဒါန်းပေးအပ်ကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းနှင့် ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိန်မိုးဝင်းတို့က လည်းကောင်း လက်ခံရယူကြသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများကိုယ်စား သိက္ခာတော်ရ ဆရာတော် ဒေါက်တာဖရန်စစ်(စ)တီယမ်း အုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သီတဂူ သာသနာ ပြုအဖွဲ့ လာရောက်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment