Monday, September 28, 2015

မြောင်းမြခရိုင်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေး


မြောင်းမြ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ၂၀၁၅-ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်၊ ဧရာဝတီ တိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းကိုသည် ဧရာဝတီ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ (၂၇) ရက်နေ့က မြောင်းမြမြို့သို့ ရောက်ရှိ လာရာ မြောင်းမြမြို့နယ် ကွယ်လွယ်ကျေးရွာ မြစန္ဒာရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်  မဲဆန္ဒရှင်ပြည်သူ များ၏ မဲစာရင်းကပ်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌဦးရွှေကြိုင်က မဲစာရင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြရွှေဝါခန်းမ၌ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်နှင့် မြို့နယ်များမှ ကော်မရှင် အဖွဲ့ခွဲဥက္ကဌများ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲဥက္ကဌများနှင့် တွေ့ဆုံ၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လမ်းညွှန် ဆွေးနွေးမှာကြားပြီး ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြင့်က ၂၀၁၅-ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော မြောင်းမြခရိုင်၊ လပွတ္တာခရိုင် နှင့် မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း မြို့နယ်များမှ ကော်မရှင် အဖွဲ့ခွဲဥက္ကဌများ၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲဥက္ကဌများက သိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးဝင်းကိုနှင့် တိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြင့် တို့ကရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment