Friday, September 25, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာများ ပေးအပ်လှူ ဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ထောက်ပံ့ ငွေများ ပေးအပ်လှူဒါန်း


နေပြည်တော် ၊ စက်တင်ဘာ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးသို့ ရောက်ရှိကြရာ ဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများက ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက် ကြသည်။


ထို့နောက် ဒေသဦးစီးအဖွဲ့ရုံးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ အခြေခံပညာ ကျောင်းများ အတွက် ကွန်ပျူတာနှင့် ဗလာစာအုပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ပြုလုပ်သည်။
ဦးစွာ ဒေသဦးစီးအဖွဲ့ ဥက္ကဌက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖွံ့ဖြိုးရေးအတွက် ယခုလို တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီ ဆောင်ရွက်ပေးခွင့်ရ၍ ဝမ်းမြောက်ပါကြောင်း၊ ပအိုဝ်းဒေသ သိသာစွာ တိုးတက် ပြောင်းလဲလာရခြင်းမှာ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့်၊ ဒေသခံများ အနေဖြင့် ဒေသ အတွက် ပိုမိုစိတ်ဝင်စားစွာ လုပ်ကိုင်ခွင့် ရရှိခြင်း၊ တည်ငြိမ် အေးချမ်းမှု ရရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ တည်ငြိမ်း အေးချမ်းမှု ဆိုရာတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသာမက တရားဥပဒေနှင့် အညီ နေထိုင် လုပ်ကိုင်ကြရန် လိုကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တည်ငြိမ်အေးချမ်းမှု များစွာရရှိ နေပြီဖြစ်ကြောင်း၊ ရာနှုန်းပြည့် ဖြစ်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို ထိခိုက်မှု မရှိပါက မည်သို့ပင်ဖြစ်စေ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပအိုဝ်းဒေသအတွင်း ကျေးလက်နေ လူဦးရေ ၈၈ ရာခိုင်နှုန်း ရှိပြီး မြို့ပေါ်နေ လူဦးရေ ၁၂ ရာခိုင်နှုန်း အပါအဝင် အများစုမှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံခြင်းကြောင့် မိရိုးဖလာ လုပ်ကိုင်နေ၍ မရဘဲ ခေတ်မီ နည်းစနစ်များဖြင့် ဆောင်ရွက်မှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်ကြောင်း၊ ယင်းစနစ်ဖြင့် သွားနိုင်ရန် ပညာတတ်သူ၊ စာပေတတ်ကျွမ်းသူ များစွာ လိုအပ်၍ ယခုကဲ့သို့ ပညာရေး မြှင့်တင်မှုကို အထောက်အကူပြုသည့် ကွန်ပျူတာများ၊ စာအုပ်စာစောင်များ လှူဒါန်းရခြင်း ဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင် လည်းကောင်း၊ အလုပ်လုပ်ရာတွင် လည်းကောင်း ကျန်းမာရန် လိုအပ်သဖြင့် ၂ဝ၁၂ခုနှစ်မှ စ၍ တပ်မတော် အနေဖြင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေသည့် အရက်၊ ဆေးလိပ်၊ ကွမ်းနှင့် ဟင်းချိုမှုန့် အပါအဝင် ကျန်းမာရေး ထိခိုက်စေသော အစားအစာများကို ရှောင်ကြဉ်ရန် လည်းလိုအပ်ကြောင်း၊ နယ်မြေအတွင်း ရေအရင်းအမြစ်များ နည်းပါးရခြင်းမှာ ရေဝေရေလဲတောများ နည်းပါးလာ၍ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ ချက်ပြုတ် စားသောက်ရေး၊ ရာသီဥတုဒဏ် ခံနိုင်ရေးနှင့် အခြား စီးပွားရေး လုပ်ငန်းများ အတွက် သစ်ခုတ်သုံးစွဲမှု များစွာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ကျေးရွာ အလိုက် တစ်ပိုင်တစ်နိုင် သစ်တောများ ဖြည့်ဆည်းစိုက်ပျိုးခြင်းဖြင့် ရာသီဥတု ကောင်းမွန်သည်သာမက ရေဝေရေလဲ တောများ ရှိခြင်းဖြင့် ရေအရင်းအမြစ်များ ပေါကြွယ်ဝ စေနိုင်ပါကြောင်း၊ စိုက်ပျိုးရေး အတွက်လည်း များစွာ အထောက်အကူ ပြုသည့်အပြင် တစ်ပိုင်တစ်နိုင် ရေအားလျှပ်စစ်ကိုပါ ထုတ်လုပ် သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ ဟိုပုံးချိုင့်ဝှမ်းသည် မြေသယံဇာတ ပေါကြွယ်ဝ၍ စိုက်ပျိုးမွေးမြူရေး အတွက် များစွာ ကောင်းမွန်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ တိုင်းရင်းသား အားလုံး ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပြီး ကမ္ဘာ့ အလယ်တွင် တင့်တယ်သည့် ပြည်ထောင်စု နိုင်ငံတော် အဖြစ် လုပ်ဆောင်ကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အလှူရှင်များက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအ တွင်းရှိ အခြေခံပညာ ကျောင်းများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များမှ လှူဒါန်းသော ကွန်ပျူတာ ၂၇ စုံ၊ ဗလာစာအုပ် ၅ဝဝ ဒါဇင်၊ သုတရသ စာစောင်များနှင့် ဒေသဖွံ့ဖြိုးရေး အတွက် စုစုပေါင်း အလှူငွေ ကျပ်သိန်း ၇ဝဝ ကို ပေးအပ် လှူဒါန်းကြရာ ဒေသ ဦးစီးကော်မတီ ဥက္ကဌက လက်ခံ ရယူသည်။
၎င်းနောက် ဒေသ ဦးစီးကော်မတီ ဥက္ကဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဒေသထွက် လက်ဆောင်များ ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

မြဝတီ

No comments:

Post a Comment