Saturday, September 26, 2015

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး


ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာ တွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသပေါ်လွင်အောင်ရေး သားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ်ဖော်ပြပေးလျက်ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ်ပရိသတ်အား အသိပညာမျှဝေပေး ထားပါသည်။ ထိုကဏ္ဍတွင် စာရေး ဆရာ ဆူဒိုနင်၏ လူမှုဘဝအထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာဖတ် ပရိသတ်များ ပွင့်လင်းမြင် သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ (စာတည်း)

၂ဝဝ၁ ခုနှစ်မှာ စာအုပ်တစ်အုပ် လက်ဆောင်ရခဲ့ပါတယ်။ စင်ကာပူ နိုင်ငံသား ကီရှိုးမာဘူ ဘာနီရေးတဲ့ ''အာရှသားတွေ စဉ်းစား တတ်ကဲ့လား''ဆိုတဲ့ စာအုပ် ကလေးပါ။ အဲဒီ့ စာအုပ်ကလေးကို ဖတ်ပြီး ဘာသာမပြန်ရ မနေနိုင်အောင် ဖြစ် သွားခဲ့ရတာနဲ့ အဲဒီ့စာအုပ်ထဲက စာတမ်း ငါးပုဒ်ကို ၂ဝဝ၁ ခုနှစ်က ၂ဝဝ၄ ခုနှစ်အတွင်း မဟာဂျာနယ်နဲ့ အလင်းတန်း ဂျာနယ်တို့မှာ ထုံ့ပိုင်း ထုံ့ပိုင်း ဘာသာပြန်ဆို တင်ဆက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အဲဒီ့ ငါးပုဒ်ကိုပဲ စုစည်းပြီး ''အာရှသားများ စဉ်းစားနိုင်စေ''ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ငယ်လေး တစ်အုပ်ထုတ်ဝေခဲ့ဖူးပါတယ်။
အဲဒီ့စာအုပ်ထဲကနေစွဲပြီး ကျန်ရစ်တဲ့ အချက်ကလေး တစ်ချက်ကကနေ့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီသင့်လျော်နေတာမို့ အဲဒီ့အကြောင်းလေးကို ကြေးမုံပရိသတ်များကို ပြောပြချင်စိတ်က ထိန်းမနိုင်သိမ်းမရ ဖြစ်လာရပါတော့တယ်။
စွဲကျန်ရစ်ခဲ့တယ်ဆိုလို့ ဝါကျတစ်ကြောင်း မဟုတ်ပါဘူး။ အတိုကောက် အင်္ဂလိပ်စာလုံးလေး သုံးလုံးမျှသာ ဖြစ်ပါတယ်။ 'MPH 'ဆိုတဲ့ စာ လုံးလေး သုံးလုံးပါ။ ပုံမှန်အားဖြင့် အဲဒီ့MPH ကို အတော်များများက mile per hour (တစ်နာရီအတွင်း ပေါက်တဲ့ ခရီးမိုင်နှုန်း) ရယ်လို့ သိထားကြပါတယ်။ အဲဒါလေးကို ဥပစာ တင်စားပြီး မစ္စတာ ကီရှိုးမာ ဘူဘာနီက အာရှနိုင်ငံတွေ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေထဲကအဓိက သုံးခုကို သူ့နည်းနဲ့ သူ ဖွင့်ဆို လိုက်ပါတယ်။
အများစုကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ကသာ အနောက်တိုင်း လူ့ဘောင်ကို တိုးတက်သွားစေခဲ့တယ်လို့ ယူဆကြပါ တယ်။ ဒါပေမယ့် အဲဒါတွေရဲ့ နောက်ကွယ်က ငုပ်လျှိုးနေတဲ့ အကြောင်းတရားကတော့ ဏြံဆိုတဲ့အကြောင်း သုံးရပ်သာ ဖြစ်တယ်လို့ သူက သုံးသပ်ပြထားတဲ့ စာတမ်းတို လေး တစ်ပုဒ်ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေ အောင်မြင် တိုးတက်ခြင်းဟာ အဲဒီ့သုံးချက်ရှိလို့သာပဲလို့ သူကကောက်ချက်ထုတ်ပါတယ်။ အာရှနိုင်ငံတွေအနေနဲ့လည်း အောင်မြင် တိုးတက်မှု လမ်းကြောင်းပေါ် သွားချင်ရင်သည်သုံးချက်ကိုသာ အားစိုက် ဆောင်ရွက်သင့်တယ်လို့ သူကအကြံပြု ထားပါတယ်။
သေချာ ဆင်ခြင်ကြည့်လိုက်တော့ သူပြောတဲ့ သုံးချက်ဟာ နိုင်ငံတစ်နိုင်ငံ ခရီးတွင်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် တကယ့်ကို မရှိမဖြစ် လိုအပ်တဲ့ အချက်တွေပဲဆိုတာ ဘယ်သူမှငြင်းလို့ ရမယ်မထင်ပါဘူး။ ဒါ့ကြောင့်သည် အကြောင်းလေးကို ကြေးမုံ ပရိသတ်နဲ့ ပြန်လည် မိတ်ဆက်ပေးချင် လာရပါ တယ်။ ဖတ်ပြီးသားဖြစ်နေရင် ခွင့်လွှတ်ကြပါခင်ဗျား။ မဖတ်ရသေးရင်၊ ဒါမှမဟုတ် ဖတ်ပြီးသော်လည်း နှစ်တွေကြာခဲ့ပြီမို့ အမေ့မေ့ အလျော့လျော့ဖြစ်နေခဲ့မယ် ဆိုရင်တော့ ကျွန်တော် ပြန်နှူး လိုက်တာလေး က တွေးဆ ဆင်ခြင်စရာ တစ်ခုခု ရသွားနိုင် လိမ့်မယ်လို့လည်း မျှော်လင့်မိရပါတယ်။
သူ့အလိုအရတော့MPH ဟာ တစ်နာရီ ဘယ်နှမိုင် ခရီးပေါက်သလဲ ဆိုတာကို ပြောတဲ့ mile per hour မဟုတ်တော့ပါဘူး။Meritocracy, Peace, Honesty ဆိုတဲ့ အချက်သုံးချက်ဟာ အာရှနိုင်ငံတွေ ခရီးပေါက်ရေး အတွက် ဇောင်းပေးရ မယ့် အချက်တွေပဲလို့ သူက မီးမောင်းထိုးပြခဲ့ တာ ဖြစ်ပါတယ်။ အဲဒီ့ သုံးချက် ပါတဲ့ သူ့ဆောင်းပါးကို ဘာသာပြန် ပုံနှိပ် ထုတ်ဝေခဲ့ပြီး ဖြစ်တာမို့ အဲဒါကို ပြန်သွားမနေတော့ပါဘူး။ သူပြောထားတဲ့ သုံးချက်အကြောင်းကိုပဲ ကျွန်တော့် စကားနဲ့ ကျွန်တော် ပြန်လည် တင်ပြပါရစေ။
M ဆိုတာ မယ်ရစ်ထောခရစီပါ
''မယ်ရစ်ထောခရစီ'' ဆိုတာ ဒီမိုကရေစီလိုပဲ စနစ်တစ်ခုဖြစ်ပါတယ်။ (၁) အရည် အသွေးအလျောက် မြှောက်စားတဲ့စနစ် (၂) အရည်အသွေး ထက်မြက်သူများ အုပ်ချုပ်စိုးမိုးမှု ရယ်လို့ မြန်မာစာအဖွဲ့က ထုတ်တဲ့ မြန်မာ အဘိဓာန်မှာ အနက်ဖွင့် ပေးထားပါ တယ်။
အရည်အသွေးအလျောက် မြှောက်စားတယ်ဆိုတာ လူမျိုး၊ အသားအရောင်၊ ကိုးကွယ်တဲ့ဘာသာ၊ ကျား-မကွဲပြားမှု၊ ကိုယ်လက် အင်္ဂါ ပြည့်စုံမှု၊ မပြည့်စုံမှု၊ လိင်စိတ်အမျိုးစုံ ကွဲပြားနေမှု၊ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးတမ်း ကွဲပြားမှု၊ ချမ်းသာဆင်းရဲ ကွာဟမှု အစရှိတာတွေကို ထည့်မတွက်တော့ဘဲ အမှန်တကယ် အရည်အချင်းရှိတဲ့သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ နေရာတွေကို ပေးရဲတဲ့ အစွမ်းသတ္တိလို့လည်း ဆိုနိုင်ပါတယ်။
ကျွန်တော်တို့ အာရှနိုင်ငံတွေမှာက အဲဒီ့ ဓလေ့က သိပ်မထွန်းကားချင်ဘူး။ ကိုယ်နဲ့ အလွမ်းသင့်တဲ့သူသာဖြစ်၊ အရည်အချင်း ရှိရှိ မရှိရှိ နေရာပေးတတ်တာ ကျွန်တော်သာမက အခုသည်စာကြောင်းကို ဖတ်နေသူကိုယ်တိုင်လည်း မြင်ဖူး၊ ကြုံဖူးနေမှာ မြေကြီးလက်ခတ် မလွဲပါဘူး။
အဲဒါ ကဏ္ဍတစ်ခုတည်းမှာ မဟုတ်ဘူး။ အဖွဲ့အစည်း တစ်ခုတည်းမှာ လည်း မဟုတ်ဘူး။ တစ်နေ့ကတောင် ကြားလိုက်ရသေး တယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ လင်လုပ်တဲ့သူက တည်ထောင်သူ၊ မယားလုပ်တဲ့သူက ဦးဆောင် ညွှန်ကြားရေးမှူးဆိုပဲ။ စီးပွားရေး လုပ်ငန်းတစ်ခုမှာ တည်ထောင်သူရဲ့ ဇနီးမယား သမီးသားများက ညွှန်ကြားရေးမှူးတွေ ဖြစ်နေကြပြီး နေရာတကာ ဝင်ရောက် သြဇာပေး ချယ်လှယ်နေတဲ့အတွက် အဲဒီ့ လုပ်ငန်းက အောင်မြင် သင့်လျက်နဲ့ လျှမ်းလျှမ်းတောက် မအောင်မြင်ခဲ့ဘဲ ကျဆုံးသွား တာမျိုးလည်း မြင်ဖူးပါတယ်။
ဒါကို နားလည်သဘောပေါက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အီးအီးအို (EEO) ဆိုတာ ခေတ်စားလာခဲ့တာ ဆယ်စုနှစ် နှစ်ခု၊ သုံးခု လောက်ရှိပါပြီ။ အဲဒါ ကတော့ Equal Employment Opportunity (သာတူညီမျှ အလုပ်ရရှိ နိုင် တဲ့ အခွင့်အရေး) ဆိုတာပါပဲ။ သက်ဆိုင်ရာ အရည်အချင်းသာ ရှိ၊ မျက်စိ တစ်ဖက် လပ်နေလည်း အလုပ်ရနိုင်တယ်၊ အိပ်(ခ်ျ)အိုင်ဗွီပိုး ရှိနေသူလည်း အလုပ်ရနိုင်တယ်၊ ထာဝရဘုရားသခင်ကို အယုံအကြည်မရှိသူလည်း ရနိုင်တယ် ဆိုတဲ့ မူဝါဒဖြစ်ပါတယ်။
အဓိကက ဘာ၊ သာမညက ဘာဆိုတာ ကွဲကွဲပြားပြား မြင်ဖို့ လိုပါတယ်။ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ လုပ်ငန်း တစ်ရပ်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံ တစ်နိုင်ငံ မှာပဲဖြစ်ဖြစ် အဲဒီ့အဖွဲ့အစည်း၊ လုပ်ငန်း၊ နိုင်ငံရဲ့ တိုးတက်အောင်မြင်ဖို့ကသာ အခရာကျပါတယ်။ ကျန်တာတွေက အပယိကတွေပါ။ ဒါ့ကြောင့် တိုးတက် အောင်မြင်ချင်တယ်ဆိုရင် အမှန်တကယ် အရည်အချင်းရှိ သူတွေကို နေရာပေး နိုင်၊ မြှောက်စားနိုင်တဲ့ အစွမ်းသတ္တိက မရှိမဖြစ်လိုအပ်တယ်ဆိုတာ အထူးပြော စရာ မလိုပါဘူး။
P ဆိုတာ ငြိမ်းချမ်းရေးပါ
ရန်ဖြစ်နေတာဟာ အားကုန်ပါတယ်။ အချိန်လည်း ကုန်လှပါတယ်။ ဥရောပက ၂၈ နိုင်ငံ စုပေါင်းလိုက်ကြပြီး ဥရောပသမဂ္ဂကို ဖွဲ့စည်းလိုက်ခြင်းဟာ အချင်းချင်း ရန်ဖြစ်ရတာကို စိတ်ကုန် စိတ်ပျက်လာတာကို ပြလိုက်တဲ့ နမူနာကောင်း၊ ပြယုဂ်ကောင်း လို့တောင် ဆိုနိုင်ပါတယ်။
ဥရောပသမဂ္ဂဟာ နိုင်ငံကြီး တစ်နိုင်ငံလို ၂၈ နိုင်ငံကို ကိုယ်စားပြု ပြီး ဆောင်ရွက် လုပ်ကိုင်နေတာပါ။ ဥရောပ လွှတ်တော်၊ ဥရောပသမဂ္ဂ တရားရုံး၊ ဥရောပ စာရင်းစစ်များ တရားရုံး၊ ဥရောပကော်မရှင်၊ ဥရောပ ဗဟိုဘဏ်စတာများနဲ့ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးများ ကိုလည်း နိုင်ငံတစ်နိုင်ငံနည်းတူ ဆောင်ရွက်လျက်ရှိတဲ့ အပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေး ကိစ္စရပ်တွေကိုလည်း ကိုင်တွယ်ထားပါတယ်။
အထက်မှာ ပြောခဲ့တဲ့ အရည်အချင်းရှိတဲ့သူကို ဘယ်လောက်ပင် မြှောက်စားချင်၊ နေရာပေး ချင်ပေမယ့် ရန်ပွဲကနေ စစ်ပွဲတွေ အထိ ဖြစ်ကုန်တဲ့အခါ အရည်အချင်းရှိသူ၊ ဥာဏ်ရှိသူတွေ ဟာ ဥာဏ်မပါတဲ့ စစ်ပွဲတွေကြား မှာ သေကျေ ပျက်စီးကုန်ကြရ တတ်ပါတယ်။ ဒါကို ဥရောပက လူတွေဟာ ကမ္ဘာစစ်ကြီးနှစ်ပွဲ နဲ့တင် ကောင်းကောင်း သိကုန်ကြပါတော့တယ်။ ဒါ့ကြောင့် သူတို့က စစ်ဖြစ်တာ၊ ရန်ဖြစ်တာကို အပြီးတိုင် စွန့်လွှတ်ဖို့ ရည်ရွယ်ချက်နဲ့ ဥရောပသမဂ္ဂကို ထူထောင်လိုက်ကြတာလို့လည်း ပြောနိုင်ပါ လိမ့်မယ်။နိုင်ငံတစ်နိုင်ငံ တိုးတက်အောင်မြင်ဖို့အတွက် ငြိမ်းချမ်းရေးဟာ အသက်တမျှ အရေးကြီးလှတာကို တကယ်တော့ စာဖွဲ့နေစရာတောင်လိုမယ် မထင် တော့ပါဘူး။
H ဆိုတာ ရိုးသားဖြောင့်မတ်မှုပါ
ရိုးသားဖြောင့်မတ်မှုရဲ့ နောက်ကွယ်မှာ အနက်ပွားများစွာ ရှိပါတယ်။ တရားမျှတမှု လည်းပါတယ်၊ လိမ်လည် လှည့်ဖျားခြင်း ကင်းရှင်းတာလည်း ပါတယ်၊ ပွင့်လင်းရိုးသားတာလည်း ပါပါတယ်။ သည်နေရာမှာတော့ မစ္စတာ ကီရှိုး မာဘူဘာနီရဲ့ စကားလုံးတွေကို ပြန်ကိုးကားပါရစေ။
''အောင်မြင်တဲ့ နိုင်ငံတွေမှာ အလုပ်လုပ်တဲ့ အခွင့်ထူးခံတွေ ရှိပါတယ်။ အဲဒီ့အခွင့်ထူးခံတွေဟာ သူတို့နိုင်ငံတွေဆီက ယူဖို့ထက် ပေးဖို့ကို ပိုထက်သန် ကြသူတွေပါ။ မအောင်မြင်တဲ့ နိုင်ငံတွေမှာတော့ အကျင့်ပျက်ခြစားနေကြတဲ့ အခွင့်ထူးခံတွေသာ ရှိပါတယ်။ အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ ရှိနေတဲ့ အာရှနိုင်ငံတွေမှာရော၊ ဒီမိုကရေစီမဟုတ်တဲ့ အာရှနိုင်ငံတွေ မှာပါရှိနေပါတယ်''တဲ့။ (အတ္တကျော် မြန်မာပြန်တဲ့ အာရှသားများ စဉ်းစား နိုင်စေ စာအုပ်၊ စာမျက်နှာ ၆ဝ)
သူ ဆက်ရေးထားတာက ပိုစိတ်ဝင်စားစရာ ကောင်းပါတယ်။
''အကျင့်ပျက်ခြစားမှုကြောင့် စီးပွားရေးသက်သက်ကိုသာ ပျက်စီးစေတာ မဟုတ်ပါဘူး၊ လူမှုရေးကိုရော၊ စိတ်ဓာတ်တွေကိုပါ ပျက်စီးစေတာပါ။ အကျင့်ပျက်ခြစားမှုကနေ အဆိုးမြင်ဝါဒနဲ့ အထင်မကြီးတဲ့စိတ်ကို ပွားများ လာစေပါတယ်။ အကျင့်ပျက်လို့ အဆိုးမြင်၊ အဆိုးမြင်တော့ အထင်မကြီး၊ အထင် မကြီးတော့ အကျင့်ပျက်နေတဲ့အတွက် အာရှနိုင်ငံတွေဟာ မြောင်းထဲက ပြန် ကို တက်မလာနိုင်အောင် ဖြစ်နေရပါတော့တယ်။'' (ယင်းစာအုပ် စာမျက်နှာ ၆၁) အားလုံး စဉ်းစားသင့်တဲ့အချက်ပါပဲ။ ''ရိုးသားဖြောင့်မတ်မှု'' ဆိုတာ တကယ်တော့ အင်မတန် ပြောလို့ ကောင်းတဲ့၊ လူတိုင်း ကြိုက်တဲ့ စကားလုံးလို့ တောင်ပြောနိုင် မယ် ထင်ပါတယ်။ ဒါပေမယ့် တကယ် ကျင့်သုံးဖို့ကကျတော့ နည်းနည်း ခက်ချင်တယ်။ အထူးသဖြင့်နိုင်ငံနဲ့ ချီလာတဲ့အခါ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါတွေမှာ စကားလုံးကို စကားလုံးအတိုင်း အသာလေး ထားခဲ့ပြီး အမူအကျင့်ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြမိတတ်ကြတာဟာလည်း တစ်ဖက်က တွေးရင်တော့ လူပီသလွန်းတာပါပဲ။
သို့သော် ကျွန်တော်တို့တွေ ဘာဖြစ်ချင်ကြတာလဲ၊ ကျွန်တော်တို့ နိုင်ငံကို ဘယ်လိုဖြစ်စေချင်တာလဲကို ဦးစားပေး စဉ်းစားမယ် ဆိုရင်တော့ ''ရိုးသား ဖြောင့်မတ် မှု''ဟာလည်း အသက်တမျှ အရေးကြီးတယ်ဆိုတာကို အားလုံး လက်ခံနိုင်မှာ ဖြစ်သလို မပြတ်ကျင့်သုံးနိုင်ရေးအတွက်လည်း အလေးပေး ဆောင်ရွက်ဖြစ်သွားကြမယ် ထင်ပါတယ်။

အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံ ထူထောင်ရေးမှာ ဘယ်စနစ်နဲ့ပဲ ချီတက် ချီတက်၊ အရည်အချင်းရှိသူတွေကို နေရာပေး၊ မြှောက်စားသွားတဲ့စနစ်ရယ်၊ ငြိမ်းချမ်းရေးရယ်၊ ရိုးသားဖြောင့်မတ်မှုရယ်က အခရာကျလှပါတယ်။ အခုဆို ''ပြုပြင် ပြောင်းလဲရေး''ကို လူတိုင်းလောက်နီးနီးက ပြောနေကြပါတယ်။ ဒါပေမယ့် ဘာတွေ ပြောင်းမလဲ၊ ဘာတွေ ပြုပြင်မလဲဆို တာတော့ ဘယ်သူကမှ ပြောသံသိပ်မကြားရပါဘူး။ တကယ် ပြုပြင် ပြောင်းလဲချင် တယ်ဆိုရင်တော့ သည် သုံးချက်ကို ထိပ်ဆုံး ကထား စဉ်းစားသင့်တဲ့ အကြောင်း ပြောလည်း သိပ်ပြောချင်နေ တယ်၊ ပြော ကလည်း မပြောရဲ ဘူးခင်ဗျ။ ဒါပေမယ့် ပြောချင် တဲ့စိတ်က အနိုင်ရသွားတဲ့ အတွက် မရဲ တရဲနဲ့ ပြောလိုက် မိသွားရပါပြီ။ အားလုံး အတွက် တွေးဆ ဆင်ခြင်စရာ တစ်ခုခုတော့ ရသွားတန်ကောင်း ရဲ့လို့ မျှော်လင့် မိပါတယ် ခင်ဗျား။

No comments:

Post a Comment