Friday, August 28, 2015

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ကလေးသူငယ်များ အခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက်နေသူများ၊ မီဒီယာများနှင့် UNICEF တို့အကြား ကလေးသူငယ်များဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ


ရန်ကုန်  သြဂုတ် ၂၈   
                  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ကလေးသူငယ်များ အခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်နေသူများ၊ မီဒီယာများနှင့် UNICEF တို့အကြား ကလေးသူငယ်များဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ  Park Royal  ဟိုတယ်၌ ယနေ့ နံနက်       ၉ နာရီတွင် ကျင်းပရာ   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား သည်။အဆိုပါအခမ်းအနားသို့   ကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ အရာရှိ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့်  လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ ကလေးငယ်များ၏ ဖျော်ဖြေတင်ဆက်မှုဖြင့် အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းကောက်ယူမှု အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ၃၄% သည် ကလေးသူငယ်များ ဖြစ်ကြောင်း၊ အခြားသော စစ်တမ်းကောက်ယူမှုများအရ အသက် ၅ နှစ်မှ ၁၈ နှစ်အောက် အရွယ်ရှိ ကလေးငယ် (၄ ဒသမ ၄) သန်းသည် ကျောင်းမနေရပါကြောင်း၊ အသက် ၁၀ နှစ်မှ အသက် ၁၈ နှစ်ကြား ကလေးငယ် (၁ ဒသမ ၆) သန်းသည်  အလုပ်လုပ်နေရပါကြောင်း၊ ကလေးငယ် (၁၀) သန်းသည် ဆင်းရဲခြင်းသံသရာတွင် နေထိုင်ကြရပြီး (၅) သန်းသော ကလေးငယ်များသည် သန့်ရှင်းသော သောက်သုံးရေ မရရှိပါကြောင်း၊ (၂ ဒသမ ၃) သန်းသော ကလေးငယ်များသည်   အိမ်သာသုံးစွဲနိုင်ခြင်း မရှိကြောင်း။

ထို့ကြောင့် ကျောင်းမနေရသောကလေးငယ်များ ပညာသင်ကြားနိုင်ရေး၊ ပညာသင်ချိန်တွင် ပညာကို တစ်စိုက်မတ်မတ် သင်ယူနိုင်ရေး၊ အရွယ်မရောက်မီ လုပ်ငန်းခွင် မရောက်ရှိရေး၊ ကလေးငယ်များ ကျန်းမာသန်စွမ်းရေးနှင့် ဆင်းရဲခြင်း သံသရာမှ လွတ်မြောက်စေရေး တို့ကို စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း၊အထူးသဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံတော်ကို ဦးဆောင်ရန် ရွေးကောက် တင်မြှောက်ခံရမည့် ပါတီများအနေဖြင့် မူဝါဒရေးဆွဲ၍ ရှေ့လုပ်ငန်းစဉ်များ ချပြဆောင်ရွက်သွား ရန်လိုကြောင်း။

မြန်မာမှုနယ်ပယ်တွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ ၊ မိတ္တဗလ၊ ဘောဂဗလ  စသည့် ဗလ (၅)တန် ရှိကြောင်း၊ ကလေးသူငယ်များကို ဗလ(၅)တန်နှင့် ပြည့်စုံအောင် ပြုစုပျိုးထောင် ကြရမည်ဖြစ်ကြောင်း၊ တစ်ခုတည်းပြည့်စုံနေရုံဖြင့် မရကြောင်း၊ ကိုယ်ကာယ ကျန်းမာသော်လည်း အကျင့်စာရိတ္တမကောင်းလျင် လူကောင်းတစ်ယောက် ဖြစ်လာမည်မဟုတ်ကြောင်း၊ ဉာဏ်ပညာ မြင့်မားသော်လည်း စာရိတ္တမကောင်းလျင်  လူတော်သာဖြစ်ပြီး လူကောင်းဖြစ်မည်မဟုတ်ကြောင်း၊ ကလေးသူငယ်များကို လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ရာတွင် ဗလ(၅)တန်နှင့် ပြည့်စုံအောင် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း။

လူငယ်များအားပြုစုပျိုးထောင်ရာတွင် အဓိကမှာ  မိဘ၊ ဆရာများဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံရေး ပါတီများအနေဖြင့်  မိဘဆရာများနှင့် လက်တွဲ၍ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ များအနေနှင့် မူဝါဒများရေးဆွဲရာတွင် လူငယ်များ ပြုစုပျိုးထောင်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍအသီးသီးအလိုက် အစီအမံများ ထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ပတ်သက်၍ ရပ်တည်ကာကွယ်ပေးရန် လိုအပ်သကဲ့သို့ မိမိတို့၏လုပ်ငန်းစဉ်များတွင်လည်း ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်၏ လူသားအရင်းအမြစ်များ အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် များစွာမှီတည်လျက်ရှိသည့်အားလျော်စွာ ပင်မအရင်းအမြစ်များဖြစ်သည့်  ကလေးသူငယ်၊ လူငယ်များမှ စတင်ရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် အလေးထား စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ကလေးသူငယ်များဆိုင်ရာအချက်အလက်များနှင့် ၎င်းတို့၏အခွင့်အရေးများ ဖြည့်ဆည်းဆောင်ရွက်ရေး၊ ကလေးသူငယ်များ၏အရေးနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ဆောင်ရွက် နိုင်သည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးသည်။

ယင်းနောက် ကလေးသူငယ်အခွင့်အရေးနှင့် ဥပဒေအပေါ်သိမြင် လိုက်နာမှု၊ ကျန်းမာရေး မြှင့်တင်ရေးနှင့် အဟာရချို့တဲ့မှု မရှိစေရေး၊ ပညာရေးအခွင့်အလမ်းများ အပြည့်အဝရရှိရေး၊ ကလေးသူငယ် များကြား မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ကလေးလုပ်သားဘ၀ ပပျောက်ရေးစသည့် တောင်းဆိုချက် (၅)ချက်အား နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ကလေးသူငယ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 နိုင်ငံရေးပါတီကိုယ်စားလှယ်များက နိုင်ငံရေးပါတီများအနေဖြင့် ကလေးသူငယ်များ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမူရေးနှင့် တရားဥပဒေအခွင့်အရေးဆိုင်ရာများအား ပါတီမူဝါဒများတွင် ထည့်သွင်းရေးဆွဲ၍ ရွေးကောက်ပွဲကာလတွင် စည်းရုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲပြီးကာလတွင်လည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြု ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


၎င်းနောက် Save the Children အဖွဲ့မှ Field Operations Director ဦးအောင်ကျော်မိုးက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment