Friday, August 28, 2015

အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေး (၃/၂၀၁၅) ကျင်းပ


နေပြည်တော်၊ ဩဂုတ်လ ၂၈

မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေး(၃/၂၀၁၅) ကို ယနေ့နံနက်ပိုင်း ၁၀ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါ အစည်းအဝေးသို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ASCC ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ Focal များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေးသည် အောက်တိုဘာ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု ဝန်ကြီးများ၏(၁၄) ကြိမ်မြောက် ASCC အစည်းအဝေး နှင့် SOCA အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၊ back to back ကျင်းပမည့် (၁၀) ကြိမ် မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီးများ High-Level Task Force on Socio-Cultural Community (HLTF-ASCC) များနှင့် ပတ်သက်၍ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြင်ဆင်ထားရန်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း ပြောကြားသည်။

(၁၄)ကြိမ် မြောက် ASCC အစည်းအဝေးတွင် သဘာဝ ဘေးအန္တရယ်နှင့်ပတ်သက်၍ ဆွေးနွေးရမည်ဖြစ်ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ယခုလက်ရှိဆောင်ရွက်နေမှုများ၊ မိတ်ဘက်အဖွဲ့အစည်းများမှ အကူအညီများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နှင့် ပတ်သက်သည့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများညှိနှိုင်းမှုဌာန (AHA Centre ) ASEAN Coordination Centre  for Humanitarian Assistance on Disaster Management နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို စက်တင်ဘာလ အတွင်း အချိန်မီ ပေးပို့စေလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံ၏ ၂၀၂၀ မျှော်မှန်းချက်ဖြစ်သည့် စိမ်းလန်းသော အာဆီယံဖြစ်ပေါ်စေရေး အတွက် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် (ASOEN) ပတ်ဝန်းကျင်ဆိုင်ရာ အာဆီယံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၌ အာဆီယံ အစိမ်းရောင်စီးပွားရေးဗဟိုဌာန၏ လုပ်ငန်း လမ်းညွှန် (Terms of Reference for ASEAN Institute for Green Economy) လက်ခံ အတည်ပြုနိုင်ရေးကို ထည့်သွင်းဆွေးနွေးကြရန်နှင့် ဆွေးနွေးသည့်မှတ်တမ်း၊ ဆွေးနွေးချက်ကိုလည်း ပေးပို့စေချင်ပါကြောင်း၊  လတ်တလော ကြုံတွေ့ခဲ့ရသော ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ နိုင်ငံတော်အဆင့်ကဦးဆောင်၍ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ပြည်တွင်းအလှူရှင်များနှင့်တကွ နိုင်ငံတကာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ပံ့ခဲ့မှုများကို မှတ်တမ်းတင်နိုင်ရန်တို့ နှင့်ပတ်သက်၍ အချက်အလက်စာရင်းဇယားများ ပြုစုပေးရေး တို့အတွက် တိုက်တွန်းပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသော ဝန်ကြီးဌာနများက လိုအပ်သည်များကို ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment