နေပြည်တော် သြဂုတ် ၅
ဇူလိုင်လအတွင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် ရထားသံလမ်း၊ တံတားနှင့် တာပေါင်များ ပျက်စီးခြဲ့သဖြင့် ရထား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား
မူလ အခြေအနေအတိုင်း အမြန်ဆုံး ပြန်လည် ပြေးဆွဲ နိုင်ရေးအတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက
အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။
သြဂုတ် ၄ ရက် နံနက်ပိုင်းတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး
ဦးသန်းဌေးနှင့် အဖွဲ့သည် ရွာထောင်-ရွှေဘို-ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ရထားသံလမ်း၊
တံတားများ၊ လမ်းတာဘောင်များ ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေး ရန် စစ်ကိုင်းမြို့ ရွာထောင်ဘူတာမှ RBEရထားဖြင့် ထွက်ခွာရာ နေ့လည်ပိုင်းတွင်
ကန့်ဘလူဘူတာသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအတွက်
စားသောက်ကုန် ပစ္စည်းများကို ဝန်ထမ်းများ ကိုယ်စားကန့်ဘလူ ဘူတာရုံပိုင်အား ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခရီးသွား ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ
မြန်မာ့မီးရထားလုပ်ငန်းအပေါ် အကြံပြုချက်၊ သိရှိ လိုသည်များကို မေးမြန်းပြီး ရထားစီး
ခရီးသွားပြည်သူများ အမြန်ဆုံး သွားလာပို့ဆောင် နိုင်ရေးအတွက် လမ်းတံတားများ အမြန်ဆုံးပြန်လည်
ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြား သည်။
ထို့မှတစ်ဆင့် ကံကြီးဘူတာသို့ ရောက်ရှိရာ၊ ဒုတိယ အထွေထွေမန်နေဂျာ(မြို့ပြ) ဦးသန်းဌေးက
ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ရေဘေး ဒဏ်ကြောင့် ပျက်စီးသွားသော ရထားသံလမ်း၊ တံတား၊
တာဘောင် ပြုပြင်နေမှု အခြေအနေ များရှင်းလင်းတင်ပြရာ လိုအပ်ချက်များ ကို ညှိနှိုင်းဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတိုက်စားမှုကြောင့် ပျက်စီးမှု အကြီးမားဆုံးဖြစ်ခဲ့သည့်
တံတားအမှတ်(၂၈၁)ဇော်ချောင်းတံတားသို့ ရောက်ရှိပြီး ယင်းရထား သံလမ်း၊ တံတား၊ တာဘောင်များ
ပြုပြင်ရာတွင် အားသွန်ခွန်စိုက် ထမ်းဆောင်ကြသော ဝန်ထမ်းများအတွက် မိုးကာဝတ်စုံများ၊
စားသောက်ကုန်များနှင့် ငွေသားများအား ပေးအပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရာနှုန်းပြည့်နီးပါး ပြင်ဆင်ပြီးစီး နေသည့် အမှတ်
(၂၈၁) ဇော်ချောင်းတံတားနှင့် အမှတ်(၂၈၂) တံတားတို့အား
RBE ရထားဖြင့် လွန်းထိုး ဖြတ်သန်းမောင်းနှင်ရာတွင် ကိုယ်တိုင်လိုက်ပါစီးနင်းကာ တာဝန်ရှိသူများအား
အချောသတ် လုပ်ငန်းများ ပြီးစီးပါက တံတားအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးမှာကြားသည်။
ထို့နောက် ဇော်ချောင်းဘူတာသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးဒဏ် ကြောင့်
ပျက်စီးသွားသော ရထားသံလမ်း၊ တံတား၊ တာဘောင်များ ပြုပြင်ရာတွင် ပါဝင်ကူညီ ခဲ့ကြသောဌာနေ
အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား အဝတ်အထည် များ၊ စားသောက်ကုန်ပစ္စည်းများကို
ပေးအပ်လှူဒါန်း သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရထားလမ်းတစ်လျှောက် ရေတိုက်စားခံရမှု အခြေအနေများအား
ဆက်လက်ကြည့်ရှု့စစ်ဆေးပြီး ကောလင်းဘူတာသို့ ရောက်ရှိကာ ရထားလမ်းပြုပြင်နေစဉ် ခရီးသည်များ
ခရီးစဉ်မပျက်စေရေး ကုန်းလမ်းပို့ဆောင်ရေးမှ ကန့်ဘလူ - ကောလင်းသို့ မော်တော်ယာဉ်များဖြင့်
သယ်ပို့ပေးမှုများကို စစ်ဆေးပြီး ခရီးသွား ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍
ပျက်စီးသွားသော ရထားသံလမ်း၊ တံတားများ အမြန်ဆုံး ဖွင့်နိုင်ရေး ပြုပြင်နေမှု အခြေအနေကို
ရှင်းလင်းပြောကြားသည်။
အဆိုပါ ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသော တံတားသုံးစင်း
နှင့် ရထားသံလမ်း၊ တာဘောင်လေးနေရာတို့ကို ရထားပို့ဆောင်ရေးဝန်ကြီး ဌာန အနေဖြင့် မြန်မာ့
မီးရထားမှ အင်ဂျင်နီယာ ၃၁ ဦး နှင့် ကျွမ်းကျင်လုပ်သား
၃၉၈ ဦး တို့ဖြင့် အမြန်ဆုံး ရထားများ ပြန်လည်ပြေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး
မြန်မာ့မီးရထား၊ ဆေးဌာနမှ ဒေါက်တာ သန်းဇော် ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့ကလည်း ယင်းရထား
လမ်းပိုင်းရှိ ပြုပြင်ရေးလုပ်ငန်း၌ပါဝင် လုပ်ဆောင်နေသူများနှင့် ဒေသခံများအား ကျန်းမာရေး
စောင့်ရှောက် ကာကွယ် ပေးလျက်ရှိသည်။ ၎င်းရေဘေးသင့် ဒေသရှိ မြန်မာ့မီးရထားမှ အားကြိုးမာန်တက်
ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအတွက် ပေးအပ်လှူဒါန်းမှုမှာ
ငွေသား ကျပ်သိန်း ၁၆၀နှင့် အလှူပစ္စည်း တန်ဖိုး ကျပ် ၆၅ သိန်း စုစုပေါင်း ကျပ် သိန်း
၂၂၅ သိန်း ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းပျက်စီးသွားသော ရထားသံလမ်း၊ တံတား၊ တာဘောင်များ ပြုပြင်ဆဲကာလတွင် မြန်မာ့မီးရထားက
ခရီးသွားပြည်သူများအား မြစ်ကြီးနား-ကောလင်း ရထားလမ်းပိုင်းနှင့် မန္တလေး-ချပ်သင်း ရထားလမ်းပိုင်းတို့ကို
အထူးရထားများဖြင့် ပြေးဆွဲပေးလျက်ရှိပြီး၊ ကုန်းလမ်းပို့ဆောင်ရေးက ရထားစီး ခရီးသည်များအား
ကန့်ဘလူမြို့နှင့် ကောလင်းမြို့များသို့ ကုန်းလမ်းပို့ဆောင်ရေး မော်တော်ယာဉ်များဖြင့်
ပို့ဆောင်ပြေးဆွဲပေးလျက် ရှိသည်။
ရေတိုက်စားပျက်စီးသွားခဲ့သော ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ပြုပြင်ရေး လုပ်ငန်းများ
ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါသဖြင့်
မကြာမီရက်ပိုင်းကာလတွင် မန္တလေး-မြစ်ကြီးနားခရီးစဉ် ရထားများပြန်လည် ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း
နှင့် ပြေးဆွဲမည့် ရက်အား သတင်းထုတ်ပြန် သွားမည် ဖြစ်သည်။
(သတင်းစဉ်)






No comments:
Post a Comment