Saturday, August 8, 2015

ညီညွတ်သောအား ဧရာဝတီသား



ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လဆန်းပိုင်းက မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံ မှုများဖြစ်ပွားခဲ့ရာ အထက်အညာသားများ ရေဘေးဒုက္ခသင့်ခဲ့ကြသည်။ မလွန်ဆန်နိုင်သည့် သဘာဝ ဘေးကို အညာသားတို့ ရုတ်တရက်ခံလိုက်ရသဖြင့် များစွာ အထိနာခဲ့သည်။ ရေဘေးသင့် ပြည်သူများ၏ ပူပင် သောက များနှင့် ခံစားရသည့် ဝေဒနာများမှာ ယနေ့ထက်တိုင်ရှိနေ ဆဲဖြစ်သည်။

အထက်ရေ တစ်ဝကြီးလွှမ်းမိုး၍ အညာသားတို့ တနင့်တပိုးခံစားနေရချိန်တွင် မာန်ဟုန်ကြီးသည့် အညာရေစီး က မြစ်ကြီးဧရာဝတီ၏အပေါ် ဝမ်းတွင်းမှ တအိအိသက်ဆင်းခဲ့ရာ ယခုအလယ်ရေပြည့်၍ အောက် ရေများပင် လျှံတက်မတတ်ဖြစ်လာခဲ့သည်။ မာန်ဟုန် ပြင်းပြင်းနှင့် လှိမ့်ဆင်းလာသော ဧရာဝတီရေအလျဉ်သည် ယခုအခါ မြစ်ကြီးဧရာဝမ်းတွင်းမှ ကျော်လွန်၍ အောက်ဘက်သို့ ပုံဆင်းခဲ့သည်။
သက်ဆိုင်ရာ၏ သတိပေးမှုများ ဆက်တိုက်နှိုးဆော်ပေးလျက်ရှိရာ အညာသားတို့၏ အဖြစ်ကိုမြင်၍ အစောပိုင်း ကာလက စိုးရိမ်ထိတ်လန့် မှုအနည်းငယ် ဖြစ်ခဲ့သော်လည်း အောက်ပြည်အောက်သားတို့အဖို့ ရေကြီးရေလျှံ အဖြစ်မှာ မဆန်း သလိုပင်။ သို့သော် ဧရာဝတီမြစ်ရေ ဟင်္သာတမြို့ စိုးရိမ်ရေမှတ်ကျော် လွန်ရောက်ရှိ နေပြီဟူသော ကောလာ ဟလသတင်းများကြောင့် ဧရာဝတီ သားတို့ စိုးရိမ်ပူပန်မှုများရှိခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဟင်္သာတ၊ ဇလွန်၊ ဆိပ်သာမြို့နယ် များသည် ဧရာဝတီမြစ်နှင့်ဆက်စပ် နေပြီး ယခု စိုးရိမ်ရေအမှတ်သို့ပင် ရောက်ရှိနေသည်။ ငါးသိုင်းချောင်း မြို့နယ်သည် ငဝန်မြစ်နှင့်ဆက်စပ် နေပြီး ယခုထိုမြစ်သည်လည်း စိုးရိမ် ရေမှတ်သို့ ရောက်ရှိနေသည်မှာ ဇူလိုင်လကတည်းကဖြစ်သည်။ ဧရာ ဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ လူနေအိမ်များရေနစ်မြုပ်ကာ ယာယီ ကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ် ပေးထားပြီး သြဂုတ် ၆ ရက်အထိ ရေဘေးကာကွယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ထားသည်။ ကျေးရွာအုပ်စု ပေါင်း ၂၂ အုပ်စုရှိ အိမ်ထောင်စု ၁ဝ၇၅၂ စုမှ လူဦးရေ ၄၂၁၅၁ ဦး ကျော်ကို ကယ်ဆယ် ရေးစခန်းများ သို့ ရွှေ့ပြောင်းပေးထားသည်။
ဟင်္သာတမြို့ စိုးရိမ်ရေမှတ် ကျော်လွန်လာမှုနှင့်အတူ တာတမံ ဘေးများတွင် ရေရောက်ရှိမှုအချိန်ကြာ လာသည် နှင့်အမျှ ဟင်္သာတမြို့နယ် အတွင်းရှိ ရေကာတာတမံအချို့ တွင် ရေစိမ့်ခြင်း၊ သဲဗွက်ထခြင်း များဖြစ်ပေါ်နေရာ ပြည်သူများမှာ စိုးရိမ်သောက ဖြစ်လာရသည်။ သို့သော် ရပ်မိရပ်ဖများ၊ အဖွဲ့အစည်း များ၏ နိုးကြား သည့်အားမာန်များ ကြောင့် ဧရာဝတီရေစီးကို တွန်းလှန် ထားသည်။ ဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီများ၊ ပြည်သူများပူးပေါင်းကာ နေ့ရောညပါ ရေကင်းစောင့်ကြည့်၍ ကျိုးပေါက်နိုင် သည့် နေရာများကို အပြင်းအထန် ပြုပြင်ဆောင်ရွက်ကြသည်။ ဟင်္သာတ မြို့နယ်အတွင်းရှိ ဧရာဝတီ(ဟင်္သာတ) ရေကာတာများတွင် ရေကင်းတဲပေါင်း ၁၄ ခု ထားရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူများပူးပေါင်းကာ အထူးဂရုစိုက်စောင့်ကြည့်ကြသည်။
လတ်တလောထွက်ပေါ်လာသော ကောလာဟလသတင်းများကို ယုံမှား သံသယမဖြစ်ပေါ်ကြဖို့၊ မိုးလေဝသနှင့် မြစ်ရေကြီးမှုသတင်းများကို ဂရုတစိုက် နားထောင်ကြဖို့၊ အရေးပေါ်အခြေ အနေဖြစ်ပေါ်ပါက အသိပေးကြေညာ သွားမည့် အစီအစဉ်များကိုလည်း သဘာဝဘေးကာကွယ်ရေး ပြန်ကြားရေး ဆပ်ကော်မတီက လိုက်လံ ကြေညာ ကာ သတိပေးလျက်ရှိသည်။ ကယ်ဆယ်ရေးစခန်းများ နှင့် ရေနစ်မြုပ်ကျေးရွာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဟင်္သာတ မြို့မှ အလှူရှင်များ၊ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ၊ လူမှုရေး အဖွဲ့အစည်းများက မိမိတို့ အစီအစဉ်၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအစီ အစဉ်များဖြင့် စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး အသုံး အဆောင်ပစ္စည်း များကို လှူဒါန်းလျက်ရှိသည်မှာ ပြည်သူများ၏ သောကကိုပြေပျောက် စေပါသည်။
''ရေစတက်တုန်းကတော့ နှစ်ပေခွဲ လောက်ထိတက်တယ်။ ၄ ရက်နေ့ က စပြီးတော့ ရေတက်တာငြိမ်သွား တယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေက အရေးပေါ် ကြေညာကတည်းက ပြည်သူတွေကို အသိပေးထားတယ်။ အခုမြစ်ရေတက် လာတော့လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်နေတယ်။ သူတို့နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ကယ်ဆယ် ရေးစခန်းဖွင့်ပြီး စားဝတ်နေရေး အပြင် ဆရာဝန်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေပါ တယ်။ တာရဲ့သက်တမ်းကလည်း ကြာပြီ ဆိုတော့ ထူးပေါက်(ရေစိမ့် ပေါက်)တွေကနေ ရေစိမ့်ထွက်တာကိုလည်း ရဟန်းသံဃာတွေအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အချိန်မီ ပြုပြင်နိုင်ခဲ့တယ်။ ဒီစိမ့်ပေါက်တွေကို မထိန်းနိုင်ရင် တာပွင့် ထွက်သွားမှာ။
''ကျွန်တော်တို့က အချိန်မီပြောင်း ရွှေ့ဖို့ပြောပေမယ့် တချို့တွေက သူတို့အိမ်နဲ့ နွား၊ ဆိတ် စတာတွေကို ခင်တွယ်ပြီး မပြောင်းဘဲ အိမ်ထဲမှာပဲ ဆင့်ထိုးနေကြတယ်။ ပြောင်းဖို့ကို ဘယ်လိုမှပြောမရဘူး။ တချို့တွေ ကျတော့လည်း ပထမတော့ မပြောင်း ဘူး။ နောက်ပိုင်း ရေပိုတက်လာ တော့မှ ပြောင်းမယ်ဆိုတော့ လူတွေ အပြင် တိရစ္ဆာန်တွေကိုပါ ပြောင်းရွှေ့ ပေးရတော့ တော်တော်ဒုက္ခရောက် တယ်။ အိမ်ထောင်စုပေါင်း ၅၉၄ စုနဲ့ လူဦးရေစုစုပေါင်း ၂၃ဝ၂ ဦးကို ကယ်ဆယ်ရေးစခန်း ၁၅ ခုဖွင့်ထားပါ တယ်''ဟု ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက အဖြစ်မှန်ကို ရှင်းပြသည်။
''အမေ့အသက် (၆၃)နှစ်ရှိပြီ။ အမေ့တစ်သက်မှာ ဆိုးဆိုးရွားရွား ရေကြီးတာ နှစ်ကြိမ်ကြုံဖူးတယ်။ ဒီတစ်ခါက အဆိုးဆုံးပဲ။ တစ်ခါမှ မကြုံဖူးဘူး။ အိမ်တစ်အိမ်လုံးမြုပ်သွား တယ်။ အမေတို့က တစ်နေ့လုပ်မှ တစ်နေ့ စားရတာလေ။ ရေကြီးတော့ အလုပ်လည်းမရှိ အိမ်ကလည်း မြုပ်ဆိုတော့ ကယ်ဆယ်ရေးစခန်းမှာ လာနေတာ သုံးရက်ရှိပြီ။ အရင်နှစ် တုန်းက ရေကြီးရင် စားစရာမရှိဘူး။ ဒီနှစ်တော့ ဘေးကထောက်ပံ့ပေးတဲ့ အတွက် အဆင်ပြေတယ်။ ကျန်းမာရေး အတွက်လည်း ဆရာဝန်တွေလည်း ရှိတော့ စိတ်ချရတယ်''ဟု ညောင်ပင် ရွာရပ်ကွက်မှ ဒေါ်သန်းမြင့်က ၎င်း၏အတွေ့အကြုံကိုပြောပြသည်။
''ကြာခံဘုန်းကြီးကျောင်းအတွင်း မှာ ဖွင့်ထားတဲ့ကယ်ဆယ်ရေးစခန်းမှာ ကျွန်တော်တို့ဆေးခန်းက ဆရာဝန် တွေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပါတယ်။ သောက်သုံး ရေသန့်ရှင်းအောင် လုပ်ထားတဲ့ အတွက် ဒီကယ်ဆယ်ရေးစခန်းမှာ ဝမ်းပျက်ဝမ်းလျှောမရှိဘူး။ ကျွန်တော် တို့ဆေးခန်းက ပျဉ်းမချောင်းတာ အနားမှာရှိတဲ့အတွက် တာမကျိုး အောင်လည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ ၂၄ နာရီ အလှည့်ကျစောင့်ကြည့်နေ တယ်။ မနေ့တုန်းကတောင် လူငယ် အချို့က တာကျိုးတယ်ဆိုပြီး လျှောက်အော်နေလို့ ပြည်သူတွေ တော်တော်စိုးရိမ်ပြီး ရုတ်ရုတ်သဲသဲဖြစ် သွားသေးတယ်။ ပျဉ်းမချောင်းတာ စိမ့်ပေါက်ကနေ ရေစိမ့်ထွက်တာကိုလည်း တာကျိုးတယ်ဆိုပြီး ပြောကြ တယ်။ ဒီရေစိမ့်ထွက်တဲ့အပေါက်တွေ ကိုလည်း သေချာပြုပြင်ပြီးသွားပြီ။ ကျွန်တော်တို့ တစ်ချိန်လုံးစောင့်ကြည့် နေတာကြောင့် လက်ရှိပကတိအနေ အထားအရ တာမကျိုးနိုင်ပါဘူး''ဟု သဘာဝအလင်း အခမဲ့ဆေးခန်း ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က ပြည်သူများ၏ စိုးရိမ်သောက လျော့ကျနိုင်ဖွယ်ရှင်းပြသည်။
ပျဉ်းမချောင်းကျေးရွာ ပိုက်တန်း အုပ်စုမှ ဦးသန်းဇော်ကလည်း ''ကျွန်တော်တို့နေတာက တာရဲ့ ဘေးနား မှာဆိုတော့ ရေစိမ့်ထွက်ရင် ကူလုပ်ပေးတယ်။ ကယ်ဆယ်ရေး စခန်းကိုတော့ မပြောင်းဘူး။ ညပိုင်း ကင်း စောင့်တယ်။ ဟိုမှာနေရတာ မလွတ်လပ်ဘူး။ အိမ်က ရေထဲနစ် နေတယ်။ တာဘေးနားမှာပဲ တဲထိုးနေတယ်။ ကျွန်တော်တို့က ဒီဘက်ဆိုတော့ တာကျိုးခဲ့ရင် ဟိုဘက်ကနစ်မှာ ကိုယ့်အတွက်လည်း စိုးရိမ်ရတယ်။ ကျွန်တော်တို့ မိသားစုမှာ ကလေး ငါးယောက်အပါအဝင် အားလုံးကိုး ယောက်ရှိတယ်။ နေမ ကောင်းဘူး ဆိုရင် လာကြည့်ပေးတဲ့အတွက် ကျန်းမာရေးအခက်အခဲမရှိပါဘူး။ ပြီးခဲ့တဲ့ ခုနစ်ရက် လောက်က ရေ စတက်တာ။ ရေတက်လာတာလည်း တော်တော်မြန်တယ်။ တစ်သက်လုံး ဒီလောက်ရေကြီးတာ မတွေ့ဖူးဘူး'' ဟု ဆိုပြန်သည်။
ပြီးခဲ့သည်ရက်က ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ဓမ္ဘီ-ဟင်္သာတ ငဝန်ရေကာတာ ရေကင်းစခန်း အမှတ်(၆)၊ တာမိုင် ၂ မိုင် ၄ ဖာလုံ+ ၁ဝဝ လိပ်ချောင်းအုပ်စု ဘဲအင်း ကျေးရွာအနီး ရေကာတာ မြစ်ရေ နစ်မြုပ်မှု အချိန်ကြာ လာမှုကြောင့် တာအက်ကြောင်းပေါ်မှု ဖြစ်ပွားခဲ့ သေးသည်။ ဖြစ်ပွားလျှင်ဖြစ်ပွားချင်း မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်း ဦးစီးဌာနနှင့် ရေကင်းစခန်းတာဝန်ရှိ သူများ၊ လိပ်ချောင်းအုပ်စုအတွင်းရှိ ဒါးက၊ ဘဲအင်း၊ ကြက်တူရွေး၊ သုံးမြေ ဆိုင်ကျေးရွာပြည်သူများနှင့် အနီး ပတ်ဝန်းကျင် ဘုရားကုန်းအုပ်စု၊ ကော်ဇံ အုပ်စုကျေးရွာများမှ ပြည်သူ များ၊ လူမှုရေးအသင်းဖွဲ့များ ဝိုင်းဝန်း၍ သဲအိတ်များချခြင်း၊ ရေခွေခွေ ခြင်းများ ပြုလုပ်ကာ အပြင်းအထန် ကြိုးစားခဲ့ရာ တာကျိုးပေါက်မှုမရှိခဲ့ချေ။ ထို့ကြောင့် ဧရာဝတီသားတို့၏ ညီညွတ်သော အားမာန်များမှာ မာန်ဟုန်ပြင်းသည့် ဧရာဝတီရေပြင်ကို တွန်းလှန်ကျော်လွှားနိုင်မည်ဟု ယုံကြည်ထားကြ လေသည်။ ။
သတင်းဆောင်းပါး - ကိုမိုး + ကျော်ကျော် (ပြန်/ဆက်)၊ ဓာတ်ပုံ - ဇေယျာဝင်း (ပြန်/ဆက်)

No comments:

Post a Comment