Saturday, August 8, 2015

ရေဘေးသင့် ဧရိယာအလိုက် စနစ်တကျကွင်းဆင်းပြီး ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူရရှိမှုကို တိတိကျကျထုတ်ပြန်ပေးသွားမည်



အင်တာဗျုး-ဇင်မြတ်ဇော်၊
ဓာတ်ပုံ-ကျော်ရဲဆွေ(သတင်းစဉ်)
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သဘာဝဘေးဒဏ်သင့် ဒေသများတွင် တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှု၊ တိရစ္ဆာန်များနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးခြင်းအတွက် ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ၌ ကျေးလက်ဒေ သများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ မေးမြန်းခဲ့သည် -

ဦးခန့်ဇော်
ညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရေဘေးသင့် ဧရိယာတွေကို ဒေသခံအဖွဲ့တွေ၊ ရုံးချုပ်က တာဝန်ရှိ သူတွေက ဧရိယာအလိုက်ကွင်းဆင်း ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ ဦးစားပေးဆောင်ရွက်ပြီး ပျက်စီးဆုံးရှုံးမှုကို စာရင်းကောက်ယူ ပါတယ်။ လမ်းနဲ့ ပတ်သက်ရင် တစ်နိုင်ငံလုံးစာရင်းအရ လမ်းမိုင် ပေါင်း ၂၂၁ မိုင် ၇ ဖာလုံ၊ တံတားစင်း ရေပေါင်း ၃၅၂ စင်း ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်တဲ့အခါ ငွေကျပ်သန်း ပေါင်း ၇၂၇၅ သန်း ကုန်ကျမှာဖြစ်ပါ တယ်။ ဒီနေရာမှာ ချက်ချင်းစာရင်းကောက်ရတဲ့အတွက်ကြောင့် အချိန် ကာလသတ်မှတ်ချက်အရ တွက်ချက် မှုတွေမှာ လိုတာရှိနိုင်သလို ပိုတာ တွေလည်း ရှိနိုင်ပါတယ်။
လက်ရှိမှာတော့ သောက်သုံးရေ က အရေးကြီးတဲ့အတွက်ကြောင့် သောက်သုံးရေရရှိရေးကို အစုအဖွဲ့ တွေဖွဲ့ပြီး တွင်းတွေ၊ ကန်တွေကို သန့်စင်တဲ့လုပ်ငန်းတွေ လုပ်ပါမယ်။ တွင်းတွေဆိုရင် တွင်းဆေးတယ်၊ တွင်းမှုတ်တယ်လို့ ခေါ်ပါတယ်။ မကွေးတိုင်းဒေသကြီးထဲက ပွင့်ဖြူနဲ့ စေတုတ္တရာမှာဆိုရင် ရေကျသွားပြီ ဖြစ်တဲ့အတွက်လုပ်လို့ရပါပြီ။ တိုင်း ဒေသကြီးအတွင်းက အင်ဂျင်နီယာ တွေ စုဖွဲ့ထားသလို မန္တလေးတိုင်း ဒေသကြီးက အင်ဂျင်နီယာ ၁ဝ ဦး သွားရောက်ပူးပေါင်းပြီး တွင်းဆေး၊ တွင်းသန့်တာတွေ လုပ်မယ်၊ ဆေးခတ် တာတွေလုပ်မယ်ဆိုရင် မကွေးတိုင်း ဒေသကြီးက မြန်မြန်ဆန်ဆန် ပြီးသွား ပါမယ်။ ကလေးမြို့က အခုအချိန် အထိ ရေမကျသေးတဲ့အတွက် ဘယ်လောက်ပျက်စီးမှန်း စာရင်းတွေ မရသေးပါဘူး။
အလားတူ ရခိုင်မှာဆိုရင် ကန် တွေအများစုက ရေငန်တွင်းတွေ ဖြစ်သွားပါတယ်။ အဲ့ဒီရေငန်တွေကို ပြန်လည်စုပ်ထုတ်တာတွေ လုပ်ပါ မယ်။ စုပ်ထုတ်တဲ့အချိန် တစ်ပြိုင် တည်းမှာပဲ သောက်ရေလိုနေတဲ့ အတွက်ကြောင့် မြို့ပေါ်ကနေသောက် ရေခပ်တဲ့အလုပ်တွေ လုပ်ပေးနေသလို ရေသန့်စက် ၁ဝလုံးကို လေယာဉ်နဲ့ ပေးပို့သွားဖို့ စီစဉ်ထားပါတယ်။
ဒီအတိုင်းပဲ Unicef ကိုလည်း အကူအညီ တောင်းထားပါတယ်။ တာပိုလင်စတွေ၊ ရေပုံးတွေ ဒါတွေ က အလွန်လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေငန်မလွှမ်း ပေမယ့် ရေနောက်သွားတဲ့ကန်တွေကို ကျောက်ချဉ်ခပ်ရပါမယ်။ ခုနက ရေသန့်စက်လေးတွေနဲ့ ဖြန့်ရမယ့် အနေအထားရှိပါတယ်။
လမ်းလုပ်ငန်းတွေကို လမ်း ကြောင်းပြတ်တောက်တဲ့ နေရာတွေ မှာ အရင်ဆုံးသွားလို့ရအောင် ဦးစား ပေး လုပ်ရပါမယ်။ အင်ဂျင်နီယာတွေ စုဖွဲ့ပြီးလုပ်ပါမယ်။ ဒီလိုလုပ်တဲ့အချိန် မှာ လမ်းရော၊ ရေရော ကျွန်တော်တို့ပဲ တစ်ပြိုင်တည်းလုပ်လို့ မပြီးနိုင်ပါဘူး။ ဥပမာ ရခိုင်မှာ ရေကန်တွေ ပြန်ဆယ် တယ်ဆိုရင် ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရပါမယ်။ ‘ဒါမှ မြန်မြန် ဆန်ဆန် ရေတွင်းတွေ သန့်ရှင်းတာ လုပ်နိုင်သလို လမ်းလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မှာ ဖြစ်ပါ တယ်။ လမ်းတံတားအပိုင်းမှာ သတိ ထားရမှာက မိုးတွင်းလမ်းကြောင်း မပြတ်တောက်အောင် စဉ်းစားရသလို ပြန်လည်ပြုပြင်ထားတာတွေ မပျက်စီး အောင် စဉ်းစားရမှာ ဖြစ်တဲ့အတွက် ရာသီဥတုနဲ့ချိန်ပြီးတော့ ဆက်စပ် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
အိမ်နဲ့ ပတ်သက်လို့ကတော့ အခုလောလောဆယ် စာရင်းကောက် ထားပါတယ်။ အိမ်နဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးက တစ်ဆင့် တင်ပြပြီး မူဝါဒခံယူရမှာ ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ အိမ် တစ်လုံးပျက်စီးသွားတာကို ဘယ် လောက်ထောက်ပံ့မလဲ။ အမိုးပျက်ရင် ဘယ်လောက်ထောက်ပံ့မလဲ။ ဒါကို ကျွန်တော်တို့က စာရင်းပဲကောက်ရ သေးတယ်၊ ဘယ်လိုပြန်လုပ်ပေးရမလဲ ဆိုတာကို တိတိကျကျ ဆုံးဖြတ်ပြီး ရင် ချက်ချင်းလုပ်မှာ ဖြစ်ပါတယ်။ ဒါကတော့ လမ်းတွေ၊ ရေတွေ၊ အိမ် ရာတွေအတွက် လုပ်မယ့်အစီအစဉ် ဖြစ်ပါတယ်။
မြစိမ်းရောင်စီမံကိန်းထဲက အခု လတ်တလော ရေလွှမ်းသွားတဲ့ရွာတွေ စာရင်းအရဆိုရင် ရွာပေါင်း ၁၃ဝ ရှိပြီး ကချင်မှာသုံးရွာ ၊ ကရင်မှာ ၁ဝ ရွာ၊ ချင်းမှာနှစ်ရွာ၊ စစ်ကိုင်းမှာ ၁၄ ရွာ၊ ပဲခူးမှာတစ်ရွာ၊ မကွေးမှာ ၁ဝ ရွာ၊ ရခိုင်မှာ ၆၈ ရွာ ရခိုင်ကတော့ တော်တော်လေး အခြေအနေဆိုးပါ တယ်။ ရန်ကုန်မှာ သုံးရွာနဲ့ ဧရာဝတီ မှာ ၁၉ ရွာ ရေမြုပ်တာပဲ သိပါသေး တယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီ ကျေးရွာတွေကိုဆင်းပြီး အသေးစိတ် စာရင်းကောက်ယူကြည့်ပြီးမှ ပျက်စီး ဆုံးရှုံးမှုကို ကြေညာရမယ့်အနေ အထားဖြစ်ပါတယ်။
ဒါကြောင့်မို့ ရေမြုပ်သွားတာ တကယ်ဖြစ်တယ်ဆိုတာကို ကျွန်တော် တို့အဖွဲ့က စနစ်တကျ ကွင်းဆင်းပြီး စစ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က စနစ်တကျလေ့လာ စစ်ဆေးပြီးတော့မှ ပျက်စီးတဲ့အရာတွေကို တိတိကျကျ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment