ဟင်္သာတ
ဩဂုတ် ၎
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ်
ကျော်လွန်နေသည့် ဟင်္သာတမြို့တွင် သက်ဆိုင်ရာမှ ဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရန်
သတိ ပေးထားသော်လည်း အချို့ပြည်သူများမှာ ပြောင်းရွှေ့ခြင်းမရှိဘဲ လက်ရှိ အိမ်များတွင်
ဆင့်ထိုးကာ နေထိုင်လျက်ရှိကြောင်း သိရသည်။
မိုးရွာသွန်းမှုများအပြင် ဧရာဝတီမြစ်ရေနှင့်
ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ် ဖြစ်သည့် ၄၄ ပေအထက်ကို
ကျော်လွန်နေခြင်း ဖြစ်သည်။
"ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီ။
မနေ့က ၄၇ ဒသမ ၇၅ ပေ၊ ဒီနေ့ ၄၇ ဒသမ ၈၀ ပေကို ရောက်နေတယ်။ အရင်နေ့တွေတုန်းက ရေတက်တာ မြန်ပေမယ့်
ဒီနေ့တော့ အဲဒီလောက် မတက်တော့ဘူး။ စိုးရိမ်ရေမှတ်ကို ကျော်နေလို့ သက်ဆိုင်ရာက ပြောင်းရွှေ့ဖို့
သတိပေးပေမယ့် အချို့လူတွေက သူတို့အိမ်ထဲမှာပဲ ဆင့်ထိုးပြီးနေကြတယ်"ဟု မြို့နယ်
အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက ပြောသည်။
ယင်းကဲ့သို့ သက်ဆိုင်ရာမှ ကြေညာထားသော်လည်း
လက်ရှိ နေအိမ်တွင်သာ ဆင့်ထိုးနေသူ ဦးသန်းဇော်က "ကျွန်တော်တို့လိုပဲ မပြောင်းဘဲ
ဆင့်ထိုးပြီး နေတဲ့သူတွေ အများကြီးပဲ။ အခုမနက်က စပြီးတော့ ရေသိပ် မတက်တော့ဘူး။ ကယ်ဆယ်ရေး
စခန်းမှာက လူတွေများတော့ မနေချင်ဘူး။ ကိုယ့်အိမ်မှာ ဆိုတော့ နေရတာ လွတ်လပ်တယ်။ ကျွန်တော်တို့အိမ်က
တာနားမှာဆိုတော့ တာမကျိုးအောင်လို့လည်း ကူညီပေးလို့ရတယ်။ တာကျိုးခဲ့ရင်လည်း ဟိုဘက်ခြမ်းကို
ရေတွေ ဝင်မှာလေ"ဟု ပြောသည်။
ဟင်္သာတမြို့တွင် ကျေးရွာပေါင်း ၈၂၀ ရှိပြီး မြစ်ရေ
မြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ် ထားကြောင်း သိရသည်။

No comments:
Post a Comment