ပခုက္ကူ
ဩဂုတ် ၎
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကျန်းမာရေးဦးစီးဌာန၏
လမ်းညွှန်မှုဖြင့် ကုက္ကိုလှအုပ်စု၊ ကုက္ကိုလှကျေးရွာ ကျေးလက် ကျန်းမာရေးဌာနမှ Mobile
Team ဆေးခန်းကို ဩဂုတ် ၂ ရက်နေ့မှ ယနေ့အထိ ကုက္ကိုလှ ကျေးရွာမြစ်ရေတင် ရှင်းလင်းဆောင်၌
ဖွင့်လှစ်လျှက်ရှိသည်။
ဆေးခန်းဖွင့်လှစ်မှုတွင် ကျေးလက်ကျန်းမာရေးဌာန၊
ကျန်းမာရေးမှူး နှင့်အဖွဲ့က ကုက္ကိုလှ၊ ရွာသစ်ကုန်း၊ သင်္ဘောကုန်းနှင့် မယ်ဇလီတန်း ကျေးရွာများမှ
သဘာဝရေဘေးတွေ့ ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုပေးလျှက်ရှိသည်။
ကျန်းမာရေး စောင့်ရှောက်မှုတွင် ကိုယ်ဝန်ဆောင်
အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေး ချို့တဲ့သူများ၊
ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊အစားအစာနှင့်သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊
ယင်လုံအိမ်သာ စနစ်တကျ သုံးစွဲရေး၊ ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးလုပ်ငန်း များနှင့်
မြွေအန္တရာယ်အတွက် မြွေဆိပ်ဖြေဆေးများ ထားရှိခြင်း၊ ပြည်သူလူထု ကျန်းမာရေးလုပ်ငန်းများကို
စောင့် ရှောက် မှုပေးလျှက်ရှိပြီး အရေးပေါ်လူနာများအား ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးသို့
ဆေးကုသခံယူရန် နှင့်တာဝန်ရှိသူများထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့လျှက်ရှိကြောင်း
သိရသည်။
အလားတူ ပခုက္ကူခရိုင် ပြန်/ ဆက်ဦးစီးဌာနမှ
သဘာဝရေဘေးရှောင်ပြည်သူများအား ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်ကို ဩဂုတ်
၎ ရက်နေ့က ကုက္ကိုလှအုပ်စု-ကုက္ကိုလှမြစ်ရေတင်စခန်းတွင် စတင် ဖွင့်လှစ်ပေးထားပြီး ခရိုင်
ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမေနှင့်ဝန်ထမ်းများက စာကြည့်တိုက် ဖွင့်လှစ် ရသည့်ရည်ရွယ်ချက်များကို
ရှင်းလင်းပြောကြားပြီး သဘာဝရေဘေးရှောင် ပြည်သူများအတွက် သတင်း အချက်အလက်များ လွယ်ကူစွာ
သိရှိနိုင်ရန် ရေဒီယိုနှင့်ရေဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း
သိရသည်။
ထို့အပြင် ပခုက္ကူမြို့ပေါ်နှင့်ကျေးရွာများရှိ
သဘာဝ ရေဘေးတွေ့ ပြည်သူများအတွက် ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားကြီးများ အသင်းမှ အိမ်ထောင်စုတစ်စုလျှင်
ဆန်(၁)ပြီနှင့်ငါးသေတ္တာတစ်ဗူးနှုန်း လှူဒါန်းမှုကို ဩဂုတ် ၄ရက်နေ့ နံနက်မှစ၍ ဖွင့်လှစ်ထားသည့်
ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လာရောက် လှူဒါန်း ကြရာ-စုစုပေါင်း လှူဒါန်းမှုမှာ ဆန်အိတ်အလုံးတစ်ရာနှင့်
ငါးသေတ္တာဗူး အလုံး(၂၄၀၀)ဖြစ်ကြောင်းနှင့် ယင်း အသင်းကြီးမှ စစ်ကိုင်းတိုင်းဒေသကြီး၊
ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့တို့တွင်လည်း ဆက်လက် လှူဒါန်းသွားမည်
ဖြစ်ကြောင်း သိရသည်။
(ပခုက္ကူပြန်/ဆက်)




No comments:
Post a Comment