Saturday, August 8, 2015

ကလေးဒေသနှင့် ချင်းပြည်နယ် ရေဘေးသင့်ဒေသများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား မုံရွာ အောင်မြသန်း ကုန်တင်ရေယာဉ်များဖြင့် အခမဲ့ ပို့ဆောင်ပေးလျက်ရှိ




မုံရွာ  ဩဂုတ် (၇)

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရေဘေးသင့် ဒေသများအတွက် ထောက်ပံ့ ပစ္စည်းများ ကို ရဟတ်ယာဉ်၊ လေယာဉ်၊ ကုန်တင်မော်တော်ယာဉ်များဖြင့် ပေးပို့လျက်ရှိရာ မုံရွာမြို့မှ အောင်မြသန်း ရေယာဉ် မိသားစုမှ ကုန်တင်ရေယာဉ်ကြီးများလည်း အပါအ၀င် ဖြစ်ကြောင်းသိရသည်။

ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရာတွင် မုံရွာလေဆိပ်မှ တစ်ဆင့် တပ်မတော်ရဟတ်ယာဉ်များ၊ လေယာဉ်များဖြင့် ပေးပို့လျက်ရှိရာ ယခုအခါ ရေလမ်းကြောင်းမှ ပေးပို့နိုင်ပြီဖြစ်သည့်အတွက် ကုန်တင်ရေယာဉ်များဖြင့် ထပ်မံပေးပို့သွားမည် ဖြစ်သည်။


ကုန်တင်ရေယာဉ်များဖြင့် ရေဘေးသင့်ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နေမှု အခြေအနေနှင့် ပတ်သက်ပြီး အောင်မြသန်းရေယာဉ် မိသားစုမှ ဦးမျိုးဝင်း က ကျွန်တော်တို့ အောင်မြသန်းရေယာဉ်မိသားစုက ရေဘေးသင့် ဒေသများအတွက် ဆန်အိတ်(၈၀၀)၊ (၅)ပိသာဝင် ဆီပုံး အလုံး(၈၀၀) လှူဒါန်းသွားမှာ ဖြစ်သည့်အပြင် နိုင်ငံတော်၊ တိုင်းဒေသကြီးနဲ့ အနယ်နယ်အရပ်ရပ်က စေတနာရှင် ကုသိုလ်ရှင်တွေစုပေါင်း ထောက်ပံ့လှူဒါန်းကြသည့် ဆန်၊ စားသောက်ကုန်ပစ္စည်းများ၊ လယ်ယာသုံး ထွန်စက်တွေ နဲ့ စက်ကိရိယာတွေ၊ မီးစက်ကြီးတွေ၊ သောက်ရေသန့်တွေ၊ အ၀တ်အထည်တွေနဲ့ အခြားပစ္စည်းတွေကို ကျွန်တော်တို့ အောင်မြသန်း မိသားစု ကုန်တင်ရေယာဉ် (၇)စီးနဲ့ အခမဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အခု တင်ပို့သွား ဆန်အိတ်ပေါင်း(၉)ထောင်ခန့်နှင့် အခြားစက်ပစ္စည်းတွေရော ပေါင်းရင် တန်(၈၀၀)လောက်တော့ရှိမယ်။ ကုန်တင်ရေယာဉ် တန်(၅၀)(၂)စီး၊ တန်(၁၅၀)(၃)စီး၊ တန်(၃၀၀)တစ်စီး၊ တန်(၃၅၀)တစ်စီး ပေါင်း (၇)စီး အသုံးပြုထားပါတယ်။ ရေဘေးသင့်ဒေသများအတွက် နိုင်ငံတော်ရဲ့ထောက်ပံ့ ကူညီမှုတွေ စေတနာရှင်တွေ၏ လှူဒါန်းမှုတွေ တစ်အားများလာတော့ လေယာဉ်နဲ့တင် မဟုတ်တော့ဘဲ့ အခုလိုကုန်တင်ရေယာဉ်တွေနဲ့ရော ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေ လိုအပ်နေမယ့် ဆန်နဲ့ အခြားစားသောက်ကုန်တွေကို လှူဒါန်းရတဲ့အတွက်ရော၊ အများစုပေါင်း ထောက်ပံ့လှူဒါန်းမှုတွေကို ကူညီပို့ဆောင်ပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နောက်ပိုင်း ရေဘေးသင့် ဒေသတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာပါ တတ်အားသရွေ့ အစွမ်းကုန် ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရေဘေးသင့်ဒေသများအတွက် ထောက်ပံ့ပစ္စည်းများပို့ဆောင်နိုင်ရေးအတွက် ကုန်တင်ရေယာဉ်ပေါ် အရောက် တင်ဆောင်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားလူမှုကူညီရေးအသင်းအဖွဲ့များက လုပ်အားပါဝင် ကူညီဆောင်ရွက်ခဲ့ကြသည့် အပြင် ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီမှလည်း ဆန်အိတ်များ၊ ဘိလပ်မြေများ လှူဒါန်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များဖြင့် ကူညီဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


(ဖိုးချမ်း-မုံရွာ)      

No comments:

Post a Comment