Saturday, August 8, 2015

ရပ်ကွက်အတွင်း ရေများ ပြန်လည်ကျဆင်းပြီးဖြစ်၍ ပြည်သူများ အသီးသီး မိမိအိမ်ပြန်၊ ရပ်ကွက်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်



မြောင်းမြ သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် အနိမ့်ပိုင်းဖြစ်သော ကံ့ကော်မြိုင် ရပ်ကွက်တွင် လူနေအိမ်များအတွင်း ရေများဝင်ရောက်ကာ ရပ်ကွက်ပြည်သူများမှာ ရေဘေးကင်းလွတ်ရာ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ခိုလှုံ ခဲ့ရပြီး ယခုအခါ ရပ်ကွက်အတွင်း ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သောကြောင့် ကယ်ဆယ်ရေးစခန်းများမှ ရပ်ကွက်ပြည်သူများ မိမိအိမ်နေရာများဆီသို့ အသီးသီး ပြန်လည်နေထိုင်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများကို အမက(၉) ဇေယျမေဒနီမူလတန်းကျောင်း၊ စစ်တလင်း မူလတန်းကျောင်း၊ သရက်ကုန်း ဘုန်းတော်ကြီးကျောင်း၊ ပညာဇေယျုံ ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးတို့ကို တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ၊မီးသတ်၊ ရဲတပ်ဖွဲ့၊ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများကစောင့်ရှောက်ကူညီပေးခဲ့ကြပြီး ယခုအခါ ရပ်ကွက်အတွင်း ရေကျဆင်းသွား၍ စိုးရိမ်စရာမရှိတော့သဖြင့် အဆိုပါ ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်းပြီး ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရ သိရသည်။

ရေကျသွားပြီး ဖြစ်သဖြင့် နေအိမ်များသို့ ၀မ်းပျက်၊၀မ်းလျောရောဂါ နောက်ဆက်တွဲပြသနာများ မဖြစ်ပွါးစေရေးအတွက် မြို့နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းထွဋ်ဦး ၊မြို့နယ် ကျန်းမာရေးမှူး ဆရာဦးသန်းဌေးနှင့် ကျန်းမာရေးဝန်ထမ်းများက နေအိမ်များရှိ အ၀ီစိတွင်း၊ ရေတွင်း၊ရေကန်များကို Bleaihing Powder များ ဆေးခပ်ပေးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် မဖေါက်ထုံး ဖြူးပေးခြင်းတို့ကို လိုက်လံ ဆောင်ရွက်ပေးခဲ့ပြီး ရပ်ကွက်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ကိုမြို့နယ်စည်ပင်သာယာရေး အဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြောင်းမြ ပြန်/ဆက်

No comments:

Post a Comment