Friday, August 28, 2015

ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး ၈၂ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၇
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈၂ ရက်မြောက်နေ့ကိုယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်း ကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်ကို လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိုးရ အဆက်ဆက် အနေနှင့် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ဖြစ်ပွားနေခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း စေရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြပါကြောင်း၊ သို့သော် မိမိတို့ တိုင်းပြည်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအများစုမှာ နိုင်ငံရေး ပြဿနာ များအပေါ်တွင် အခြေခံပြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဆိုသည့် အချက်ကို အကြောင်း အမျိုးမျိုးကြောင့် အဖြေရှာခြင်း မပြုနိုင်ခဲ့ပါကြောင်း။
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတွက် ကနဦးဆုံး ဆောင်ရွက်ရသည့်ကိစ္စမှာ နှစ်ဖက် တိုက်ခိုက်နေမှုများ လျော့ကျရန်နှင့် ရပ်စဲနိုင်ရန်ပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အားလုံးကို လေ့လာကြည့်ရှုပါက ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေးအဆင့်တွင် အစိုးရ၊ အစိုးရ တပ်မတော်နှင့် လက်နက်ကိုင် တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ စေ့စ့ပ်ညှိနှိုင်းရေးကို အဓိက လုပ်ဆောင်ရလေ့ ရှိသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ လက်နက်ကိုင် တိုက်ခိုက်မှုများ လျော့ချရပ်ဆိုင်းနိုင်မှသာ နိုင်ငံရေး ဆွေးနွေးမှုများကို တည်တည် ငြိမ်ငြိမ်ဖြင့် အောင်မြင်အောင် ကျင်းပနိုင်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခအား အဆုံးသတ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနှင့် ၂၀၁၁ ခုနှစ်ဩဂုတ်လ (၁၈)ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များထံသို့ လက်နက်ကိုင် ပဋိပက္ခများအား နိုင်ငံရေး နည်းလမ်းများဖြင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာရန် တရားဝင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါကြောင်း။
နိုင်ငံတော် သမ္မတအနေနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု  လုပ်ငန်းများကို ပိုမိုအားကောင်းစွာ လုပ်ဆောင်နိုင်ရန် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (Union Peace-making Central Committee) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace-making Work Committee) ၂၀၁၂ ခုနှစ် မေလ (၃)ရက်တွင် ဖွဲ့စည်းတာဝန် ပေးခဲ့ပါသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့၏ အခန်းကဏ္ဍကို အသိအမှတ် ပြုသောအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့တွင် လွှတ်တော်များမှ ကိုယ်စားလှယ်များ ထည့်သွင်း ဖွဲ့စည်းထား ရှိပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီတွင် လွှတ်တော် နှစ်ရပ်မှ ဥက္ကဋ္ဌများ အဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း။
ထိုတာဝန်ရှိသူများ၏ ကြိုးပမ်းမှုကြောင့် နိုင်ငံတော် သမ္မတ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များကို လက်ခံသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၅)ဖွဲ့နှင့် နှစ်ဖက် သဘောတူညီချက် စာချုပ် (Bilateral Agreements) (၃၉)ခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါကြောင်း။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ လိုင်ဇာ ညီလာခံတွင် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(Nationwide Ceasefire Coordination  Team-NCCT) နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်း ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါကြောင်း။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော် သမ္မတမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နေပြည်တော်သို့ ဖိတ်ကြားပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး (Deed of  Commitment  for  Peace  and  National  Reconciliation) အတွက် ကတိကဝတ် ပြုခြင်းဟု ခေါ်သည့် လက်မှတ် ရေးထိုးခြင်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လက်မှတ် ရေးထိုးခြင်းတွင် လွှတ်တော် နှစ်ရပ်မှ ဥက္ကဋ္ဌကြီးများ ကိုယ်တိုင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း။
၂၀၁၅ ခုနှစ် မတ်လ(၃၁) ရက်နေ့တွင် ၁၇ လအကြာ ပူးပေါင်းညှိနှိုင်းမှု များကြောင့် တစ်နိုင်ငံလုံး ပတ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အတည်ပြုမူကြမ်း)ကို နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပါကြောင်း။
သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကရင် ပြည်နယ် လော်ခီးလားတွင် ညီလာခံ ကျင်းပပြီး သဘော တူညီထားသော အတည်ပြု မူကြမ်းကို ပြင်ဆင်မှု ပြုလုပ်ရန် အချက် (၁၃)ချက်ကို တင်ပြလာပါကြောင်း။
အစိုးရအနေဖြင့် တိုင်းပြည်၏ အကျိုး၊ ပြည်သူလူထု၏ အကျိုးတို့ကို ဦးထိပ် ထား၍ ငြိမ်းချမ်းရေး ရရှိရေးကို ဦးတည် စဉ်းစားကာ သဘောတူပြီးသား အချက်များကို တိုင်းရင်းသား လက်နက်ကိုင်တို့၏ တောင်းဆိုမှု အတိုင်း ထပ်မံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (Senior  Delegation) တို့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟို ဌာနတွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး တစ်နိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းတွင် ပါရှိသည့် အချက်ကြီး (၃၃)ချက်အပေါ် စာချုပ်မူချော အဖြစ် သဘောတူညီမှု  ရရှိခဲ့ပါကြောင်း။
ယခုအချိန်တွင် အဆိုပါ တစ်နိုင်ငံလုံး ပတ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အား အများပြည်သူ အနေနှင့် ကျယ်ပြန့်စွာ သိရှိနိုင်ရန် ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးလည်း ပိုမိုကျယ်ပြန့်စွာ သိရှိကြပြီး ဖြစ်သည့်ဟု မှတ်ယူပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် သဘော တူညီထားသည့် အချက်များ အားလုံးသည် ငြိမ်းချမ်းရေးကို မြတ်နိုး လိုလားသူများ အားလုံး လက်ခံနိုင်မည့် အချက်များ ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့်လည်း ဆွေးနွေးမှု ရလဒ်များ အားလုံးကိုလည်း ပွင့်လင်း မြင်သာစွာ ထုတ်ပြန် ကြေညာမှုများ ပြုလုပ်ခဲ့ပါကြောင်း။
ထို့ပြင် စာချုပ်၏ အခန်း(၆)၊ အပိုဒ်(၂၆)တွင်လည်း “ဤသဘောတူ စာချုပ်အား ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံး လုပ်နည်းများနှင့် အညီ တင်သွင်း၍ အတည်ပြုချက် ရရှိရေးအတွက် ဆောင်ရွက်သွားရန် သဘောတူသည်’’ ဟူ၍ ထည့်သွင်း သဘော တူညီထားပြီး ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း လုပ်ရိုးလုပ်စဉ် ရှိသည့်အတိုင်း သဘောတူ လက်မှတ် ရေးထိုး ပြီးသည့်အခါ ပြည်ထောင်စု လွှတ်တော်သို့ စာချုပ်ကို တင်သွင်း၍ အတည်ပြုချက် ရယူသွားမည် ဖြစ်ပါကြောင်းဖြင့်  ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြချက်အပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ် ရေးထိုးနိုင်ရေးတို့ အပေါ် အကြံပြု ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတထံမှ ပေးပို့သော အာဆီယံ- ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင် သဘောတူ စာချုပ်အောက်တွင် ကုန်စည် ကုန်သွယ်ရေး သဘောတူ စာချုပ်ကို ပြင်ဆင်သည့် တတိယ အခြေပြစာချုပ်အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော MaritimeLabour Convention 2016 သို့ မြန်မာနိုင်ငံမှ အတည်ပြု ဝင်ရောက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

No comments:

Post a Comment