Friday, August 28, 2015

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ဩဂုတ် ၂၇
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈၉ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပပြီး ဥပဒေကြမ်း ၅ ခုကို အတည်ပြုခြင်းနှင့် အသိပေးခြင်းတို့ကို ဆောင်ရွက်သည်။

အစည်းအဝေးတွင် စက်မှုလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ရင်းနှီး မြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်က အတည်ပြုခဲ့ သည်။
ထို့နောက် ပို့ဆောင်ရေး ဝန်ကြီးဌာနက တင်သွင်းသည့် ကုန်သွယ်ရေကြောင်း သွားလာရေး ဆိုင်ရာ တူးမြောင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာ တွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဖတ်ကြားပြီး ဆွေးနွေး လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ မီးပြတိုက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေကြမ်းနှင့် ရထား ပို့ဆောင်ရေး လုပ်ငန်း ဥပဒေကြမ်း တို့ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ထို့နောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ပြောကြား၍ ပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း ကြေညာသည်။

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ၈၉ ကြိမ် ကျင်းပခဲ့ရာ ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၁၇၉၃ ခုအနက် ၁၆၆၆ ခု ဖြေကြားနိုင်ခဲ့သည့် အပြင် အဆို ၂၅ ခုနှင့် အရေးကြီး အဆိုတစ်ခု တင်သွင်း နိုင်ခဲ့သည်။ အလားတူ ဥပဒေကြမ်း ၉၆ ခုအနက် ဥပဒေပေါင်း ၈၀ ကို ဆွေးနွေးခဲ့ပြီး ကျန် ၁၆ ခုမှာ လွှတ်တော် အတွင်း ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment