Friday, August 28, 2015

ရေလွှမ်းမိုးမှု ခံရခဲ့သည့် ဒေသရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်  ဩဂုတ် ၂၇
ကျန်းမာရေး ဝန်ကြီးဌာနသည် ရေလွှမ်းမိုးမှု ခံခဲ့ရသည့် မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးနှင့်‌ ဆေးပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ခြင်းနှင့်‌ ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်း၊ အရေးပေါ် တုံ့ပြန်မှု ဗဟိုဌာန ဖွင့်လှစ်၍ ကြီးကြပ် ဆောင်ရွက်ခြင်းတို့ကို  ဆောင်ရွက်လျက် ရှိသည်။

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် ချင်းပြည်နယ်တွင် ရွေ့လျားဆေးခန်း (၇)ခု ဖွင့်လှစ် ထားရှိကာ ဆေးခန်း လာပြသူ လူနာများအား ဆေးကုသမှုများ ပေးခဲ့ပြီး ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ၊ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများ အား ဆောင်ရွက်လျက် ရှိသည်။
အလားတူ ရခိုင်ပြည်နယ်တွင် ရွေ့လျား ဆေးခန်း (၁၇)ခု၊ ပဲခူး တိုင်းဒေသကြီးတွင် ရွေ့လျား ဆေးခန်း (၇)ခု၊ မကွေး တိုင်းဒေသကြီးတွင် ရွေ့လျားဆေးခန်း (၅)ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယာယီဆေးခန်း (၁၆)ခု၊ ရွေ့လျား ဆေးခန်း(၁၀)ခု၊ မန္တလေး တိုင်းဒေသကြီးတွင် ယာယီ ဆေးခန်း (၅)ခု၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ယာယီ ဆေးခန်း(၂၅)ခုနှင့်‌ ရွေ့လျား ဆေးခန်း (၄၅)ခု ဖွင့်လှစ်ကာ လူနာများအား ဆေးကုသမှု ပေးလျက်ရှိပြီး ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိသည်။

ရေဘေးသင့်ဒေသမှ ပြည်သူများအား ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေတွင်း၊ ရေကန်များအား ကလိုရင်း ဆေးခပ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ခြင်နှိမ်နင်းရေး၊ အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပေးခြင်း၊ ကျန်းမာရေး ပညာ ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပြီး ကလိုရင်း ရေသန့်စင်ဆေးမှုန့်၊ ဆေးစိမ် ခြင်ထောင်၊ ရေသန့်ဆေးထုတ်၊ ကလိုရင်းဆေးပြား၊ DHF Testkit၊ အဏု အာဟာရ ဖြည့်မှုန့်ထုတ်များ၊ ယင်လုံ အိမ်သာခွက်များကို ဖြန့်ဝေ ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment