Friday, August 7, 2015

ညောင်တုန်းမြို့နယ် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်တုန်း သြဂုတ် ၇

ညောင်တုန်းမြို့နယ် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီမှ သြဂုတ် ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျေးရွာများသို့ အဖွဲ့ (၅)ဖွဲ့ ခွဲ၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ထပ်မံဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းတွင် တပ်မတော်နှင့် ပြည်သူအင်အား တိုးမြှင့်ဆောင်ရွက်လျှက်ရှိသည်။


အဖွဲ့လိုက် ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိရသည့် အလယ်ချောင်း တာတမံသည် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည့်အတွက် ပလတ်စတစ်စ (၁၀၀) ပေ၊ သဲအိတ် (၂၀၀၀)၊ ဝါးထရံ (၅၀) ချပ်နှင့် တပ်မတော်နှင့်  ပြည်သူ့အင်အား (၁၀၀) ဖြည့်ဆည်း၍ ဆောင်ရွက်လျက်ရှိပြီး ကျောင်းစုကျေးရွာနှင့် စာဖြူစု ကျေးရွာရှိ တမံများမှာ ရေနူး၍ နိမ့်ကျနေသည့်အတွက် သဲအိတ်ဖို့ခြင်းအတွက် အိတ်ခွန် (၂၀၀၀) ကို ဖြည့်ဆည်းပေးခြင်း၊ ရွာသစ်ကျေးရွာ ဆည်မြောင်းတာ အိကျနေသည့်အတွက် စိုးရိမ်ရသည့် အနေအထားတွင် တည်ရှိနေသဖြင့် သဲအိတ် (၂၀၀၀) နှင့် လိုအပ်သည့် ပစ္စည်းများ ထပ်မံဖြည့်ဆည်းခြင်း၊ ကုလားကုန်း ကျေးရွာတွင် ရေလျှံနိုင်သည့် အနေအထားတွင် တည်ရှိနေသည့်အတွက် လိုအပ်သည့် သဲအိတ် (၃၀၀၀) ဖြည့်ဆည်းခြင်း၊ ရှမ်းစုကျေးရွာ တာတမံစိုးရိမ်ရ၍ လိုအပ်သည့် သဲအိတ်များ ဖြည့်ဆည်းပြီး ကာကွယ်ရေး လုပ်ငန်းများကို အချိန်ပြည့် စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျှက် ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ရေဘေးရှောင်ပြည်သူများနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသည့် မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ဆန်  (၂)ပြည်၊ ရေသန့်ဗူး တစ်လီတာ ဗူး (၃)ဗူး၊ ခေါက်ဆွဲခြောက် (၅)ထုတ်၊ ကုလားပဲ (၅၀)သားကို ညောင်ဝိုင်းကျေးရွာ၊ ဗျောသလန်း၊ ကျောင်းစု၊ ဂုံမင်းဆိပ်၊ မြန်မာပြဿ၊ ပေစိ၊ ကုက္ကိုဝ၊ မဲဇလီရွာဟောင်း၊ သပြေချောင်း၊ အရွှဲ၊ ထိပ်ဝကြီး၊ ဇီးဖြူကျွန်း၊ စွန်တန်းကျေးရွာ (၁၃)ရွာသို့ လှူဒါန်းပေးပြီး၊ မြန်မာစီပီ လိုက်ပ်စတော့ ကုမ္ပဏီလီမိတက်မှ အခြေခံ စားသောက်ကုန်ပစ္စည်းများ တစ်ထုတ်လျှင် တန်ဖိုး (၈၀၀၀/-) ရှိပြီး၊ အိမ်ထောင်စု (၁၅၀၀) အတွက် စုစုပေါင်း တန်ဖိုး ငွေကျပ်သိန်း (၁၂၀) ကို သဲအင်းဂူ ရေဘေးရှောင်စခန်းသို့ (၁၅၀)ထုတ်၊ တောရကျောင်း ရေဘေး ရှောင်စခန်းသို့ (၁၅၀) ထုတ်၊ မီးသတ်ကွပ်ကဲမှု ရုံးသို့ (၁၀၀) ထုတ်နှင့် ပေစိကျေးရွာသို့ (၁၁၀၀) ထုတ်ကို စခန်းအရောက် အလှူရှင်များ ကိုယ်တိုင်သွားရောက် လှူဒါန်းလျှက်ရှိကြောင်းနှင့် နံနက် ၉ နာရီအချိန်တွင် ရေ အမှတ် ၂၅.၆ သို့ ရောက်ရှိနေကြောင်း သိရှိရသည်။


ညောင်တုန်း (ပြန်/ဆက်)

No comments:

Post a Comment