Friday, August 7, 2015

ညောင်တုန်းမြို့နယ် ရေဘေးရှောင်ပြည်သူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းလျက်ရှိ



ညောင်တုန်း သြဂုတ် ၇

ညောင်တုန်းမြို့နယ် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီမှ အလှူရှင်များမှ လာရောက် လှူဒါန်းသည့် ပစ္စည်းများကို ရေဘေးရှောင်ဒေသရှိ ကျေးရွာများနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် မိသားစုများအတွက် ဆက်လက်ဖြန့်ဝေပေးလျှက်ရှိပါသည်။ 

ယနေ့လှူဒါန်းရရှိမှုမှာ ညောင်တုန်းမြို့နယ် ကွပ်ကဲရေးရုံးသို့ ပက်မြန်မာအဖွဲ့မှ ညောင်တုန်းမြို့နယ် ရွှေဒင်္ဂါးကျွန်း၊ ဓမ္မသုခကျွန်း၊ ရွှေသောင်ယံ၊ ရွာသာကြီး၊ အင်းမ၊ အပေါင်၊ အင်းမရွာလေး၊ မြစ်ရိုးတန်း၊ ကျုံတမာကျေးရွာ (၉)ရွာနှင့် ပန်းတနော်မြို့နယ် ဒေါင့်ကြီးကျေးရွာ စုစုပေါင်း အိမ်ထောင်စု (၁၅၀၀) အတွက် တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ဓာတ်ဆား၊ ရေသန့် (၆၃၀၀)၊ တန်ဖိုးငွေကျပ် ကိုးဆယ့်လေးသိန်း ငါးသောင်းကျော် သွားရောက်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)မှ ညောင်ဇောက်နှင့် မဲဇလီ-ဒလ ကျေးရွာအတွက် ဆန်(၁၅၀) အိတ်၊ စုစုပေါင်းတန်ဖိုး နှစ်ဆယ်သိန်း၊ အဲပုဂံ(ရန်ကုန်) ဝန်ထမ်းများနှင့် လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး မိသားစု(ရန်ကုန်)မှ အမှတ်(၄)ရပ်ကွက် ရေဘေးရှောင်စခန်းသို့ အဝတ်အထည်၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် မုန့် တန်ဖိုးငွေ သုံးသိန်းကျပ်၊ သာကီနွယ်ဖွား ဓမ္မလူငယ်များ (ညောင်တုန်း)အဖွဲ့မှ ဆန် (၄၆) အိတ်၊ ထမင်းဗူး(၂၀၀)၊ ရေသန့်(၂)ကတ်၊ စုစုပေါင်းတန်ဖိုးကျပ် ခြောက်သိန်းကျော်ကို ကပ္ပလီကျွန်း၊ ရွှေသောင်ယံ၊ မြန်မာပြဿာ၊ ဘောလုံး၊ ရွှေဟင်္သာကျွန်းအောက်စု ကျေးရွာများသို့ အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းလျှက်ရှိပါကြောင်းနှင့် ယနေ့နေ့လည် ၁၂ နာရီအထိ တန်ဖိုးငွေ စုစုပေါင်း နှစ်ရာခြောက်ဆယ့် ငါးသိန်း ငါးသောင်းကျော် ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။
ညောင်တုန်းမြစ်ရေသည် နေ့လည် ၁၂ နာရီအချိန် တိုင်းတာချက်အရ ၂၅.၇ သို့ ပြန်လည်ရောက်ရှိနေကြောင်း သိရသည်။
ညောင်တုန်း (ပြန်/ဆက်)

No comments:

Post a Comment