မေး၊ ရေး
ညီညီထွန်း၊ မျိုးမြင့်၊ ဟန်နီဝင်း
ဓာတ်ပုံ - ညီမျိုးဟန်
ရေကြီးရေလျှံမှုများကြောင့် တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးပျိုးပင်များ၊
စပါးခင်းများပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရ သည်။ ထိုသို့ ရေကြီးရေလျှံမှုဖြစ်ရပ်များကြောင့်
ပြည်သူများအနေဖြင့် ၎င်းတို့၏ ပစ္စည်းဥစ္စာများနှင့် နေအိမ်တို့ကို စွန့်ခွာပြီး ရေဘေးလွတ်ရာသို့
ရှောင်တိမ်းခဲ့ရသည်။
ယင်းဖြစ်စဉ်များကြောင့် ရေဘေးသင့် ပြည်သူများအားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း
ဆိုင်ရာများ ကျဆင်းမှုမရှိစေရန် တာဝန်ရှိသူ များအနေဖြင့် ကဏ္ဍအလိုက် အင်တိုက်အားတိုက်
ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်မှုများအနက် တောင်သူများ၏ အဓိကလုပ်ငန်းဖြစ်သည့် မျိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနက ရေနစ်မြုပ်သွား
သည့် လယ်မြေများကိုလယ်ယာသုံး ထွန်စက် များဖြင့် ပြန်လည်ထွန်ယက်ပေးသွားမည့် အခြေအနေ၊
စိုက်ပျိုးရေးဦးစီးဌာနက မျိုးစပါး ဖြန့်ဖြူးပေးသွားမည့်အခြေအနေနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း
ပျောက်ဆုံး ပျက်စီးမှုရှိခဲ့သော တောင်သူလယ်သမားများ၏ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇)
ပြန်လည် ထုတ်ပေးသွားမည့်အခြေအနေတို့ကို ရေဘေး သင့်တောင်သူများနှင့် ပြည်သူများသိရှိနိုင်
ရန် တာဝန်ရှိသူများက အောက်ပါအတိုင်း ပြောကြားခဲ့သည်။
ဦးလွှမ်းမိုး
ညွှန်ကြားရေးမှူး
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
ညွှန်ကြားရေးမှူး
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
ကျွန်တော်တို့ဌာနအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်
ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို ဧရိယာအားဖြင့် ၂၃ သန်းကျော်၊ ရာခိုင်နှုန်း အားဖြင့် ၈၇
ရာခိုင်နှုန်းလောက် ထုတ်ပေး ပြီးပါပြီ။ မကြာခင်ကမိုးထူးကဲစွာ ရွာသွန်းမှုကြောင့် ကျွန်တော်တို့နိုင်ငံမှာ
စိုက်ပျိုးမြေ ဧရိယာ ၂၉ သန်းကျော်လောက်ရှိတဲ့ အထဲက လယ်ယာမြေဧရိယာ ၁ ဒသမ ၁ သန်းကျော်
ရေဖုံးလွှမ်းခံရပါတယ်။ ဒီရေဖုံးလွှမ်းခံ ဧရိယာတွေမှာ ရေဘေးလွတ်ကင်းရာနေရာကို ပြေးရင်းလွှားရင်းနဲ့
လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပုံစံ ၇ ပျောက်ဆုံးပျက်စီးခဲ့တယ်ဆိုရင် ပြန်လည်ထုတ်ပေးဖို့
အဆင်သင့်ဖြစ်အောင် စီစဉ်ထားပြီးသားပါ။ အမြန်ဆုံးရရှိစေဖို့ လည်း ဆောင်ရွက်ပေးသွားမှာပါ။
ထုတ်ပေးပြီးသွားတဲ့ ပုံစံ ၇ တွေရဲ့ စာရင်းမှတ်တမ်း ပုံစံ ၅ လည်း ကျွန်တော်တို့
မှာ ရှိပါတယ်။ ပျက်စီးသွားတဲ့ စာရင်းတွေ နဲ့ ပုံစံ ၇ တောင်းခံတင်ပြလာတဲ့ အခါ ဒီစာရင်းတွေပေါ်မှာအခြေခံပြီး
အသစ် ပြန်လည်ထုတ်ပေးသွားပါ့မယ်။ ရေလွှမ်းခံ ရတဲ့အတွက် မြေမျက်နှာပြင် ပြောင်းလဲ သွားတာမျိုးရှိနိုင်ပါတယ်။
ဒီလိုပြောင်းလဲ သွားရင်လည်းမြေမျက်နှာပြင်ကို ပြန်လည် တိုင်းတာပြီး ဆောင်ရွက်ပေးသွားပါမယ်။
မြေမျက်နှာပြင် ပြောင်းလဲမှုမရှိဘူးဆိုရင် တော့ မူလစာရင်းတွေအခြေခံပြီး ထုတ်ပေး သွားပါမယ်။
တောင်သူတွေအနေနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ အတွက် ပြန်လည်ဆောင်ရွက်တဲ့အခါ
ကြန့်ကြာမှု မရှိစေဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ရေကြီးရေလျှံဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေ က ကျွန်တော်တို့ရုံးတွေမှာ တောင်သူ လယ်သမားတွေရဲ့
စာရင်းဇယားအားလုံး ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားနိုင်ပါတယ်။ တတ်နိုင်သမျှလည်း ပြည့်ပြည့်စုံစုံ
ဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ထားပါ တယ်။ ဒါ့အတွက်ကြောင့် စိတ်ပူပန်မှု မဖြစ်စေချင်ပါဘူး။
နောက်တစ်ခုကလယ်ယာမြေ ဥပဒေအရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေ လည်း အဆင့်ဆင့် ဖွဲ့စည်းထားပါတယ်။
တောင်သူတွေအနေနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်က တန်ဖိုးထားတဲ့ အရာပါ။ ဒါကြောင့်
ကျွန်တော်တို့အနေနဲ့ လည်း သေသေချာချာဆောင်ရွက်ပေးသွားပါ မယ်။ အခုလို ရေကြီးရေလျှံမှုကြောင့်ပဲ
ဖြစ်ဖြစ်၊ တခြားနည်းလမ်းတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ်ပျက်စီးသွားတယ်၊ ပျောက်ပျက်သွား တယ်ဆိုရင်
ကျွန်တော်တို့ဆီမှာ မှတ်တမ်း ပုံစံ ၅ ထဲမှာပါဝင်တဲ့ စာရင်းတွေနဲ့ စာရင်းထဲ မှာ ပါဝင်တဲ့အတိုင်း
ပြန်လည်ဆောင်ရွက်ပေး သွားပါ့မယ်။
ဦးနိုင်ကြည်ဝင်း
ဒုတိယညွှန်ကြားရေးမှူးချုပ်
စိုက်ပျိုးရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်
စိုက်ပျိုးရေးဦးစီးဌာန
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှ စတင်ပြီး မိုးရေချိန် ထူးကဲစွာရွာသွန်းခဲ့တဲ့အတွက်
ရခိုင်ပြည်နယ်မှာစတင်ပြီး ရေကြီးမှုများ ဖြစ် ပေါ်ခဲ့ပါတယ်။
မုတ်သုံမိုးနဲ့အတူ ဆိုင်ကလုန်းမုန်တိုင်း ကိုမန် ထပ်ဆင့်ဝင်ရောက်ခဲ့တဲ့အတွက်
ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်
တွေမှာ ရေကြီးရေလျှံဖြစ်ခဲ့ပြီး စပါးပျိုးခင်း တွေ၊ စိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ် ကလွဲပြီး ကျန်တဲ့တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုမှာ
ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် စပါးအပါအဝင် မိုးကြိုသီးနှံတွေ ထိခိုက်ပျက်စီးခဲ့ ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်တွေက ရရှိလာတဲ့ သတင်းအချက်အလက်တွေအရ မိုးစပါး ရေကြီးနစ်မြုပ်မှု
ဖြစ်ပေါ်နေတဲ့ မြို့နယ် ၁၄၉ မြို့နယ်၊ ကျေးရွာအုပ်စု ၂၉၃၉ အုပ်စုက တောင်သူ တစ်သိန်းခုနစ်သောင်းကျော်ရဲ့
စိုက်ပျိုးထားတဲ့ မိုးစပါးစိုက်ဧက ကိုးသိန်းကျော် ရေလွှမ်းမိုး ခဲ့ပါတယ်။ အခုအချိန်မှာ
ရေပြန်ပေါ်တဲ့ ဧက သုံးသိန်းကျော်ထဲက ဧကခြောက်သောင်းကျော် ပျက်စီးခဲ့ပါတယ်။
ရေနစ်မြုပ်ပြီး ပြန်ပေါ်စပါးစိုက်ခင်းတွေကို ပြန်လည်ကောင်းမွန်လာအောင်နဲ့ ပျက်စီးသွားတဲ့
စပါးစိုက်ခင်းတွေ၊ ပျိုးခင်းတွေကို ပြန်လည်ပျိုးထောင်စိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေး
ဦးစီးဌာနအနေနဲ့ အရန်မျိုးစေ့၊ အရန်ပျိုးပင်တွေကို စိစစ်ဆောင်ရွက်ထားရှိပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ သက်တမ်းတို အရန်မျိုးစပါးတင်း ၂၆၁ဝဝဝ ကျော်နဲ့ အထူးအထွက်တိုး
မျိုးစပါး ကီလို ၈ဝဝဝဝ ကျော်ကိုလည်း စုဆောင်းထားရှိပြီး ဖြစ်ပါတယ်။ မျိုးစပါးဖြန့်ဖြူးမှုအနေနဲ့
ရခိုင်ပြည်နယ်ကို မျိုးစပါးတင်း ၁၅ဝဝ၊ စစ်ကိုင်းတိုင်းဒေသကြီးကို တင်း ၁၅၅၃ဝ၊ မန္တလေး
တိုင်းဒေသကြီးကို တင်း ၁၈၆၅ဝ၊ ကချင်ပြည်နယ်ကို စပ်မျိုးစပါး ကီလို ၁၃၈ဝ တို့ကို ရေနစ်မြုပ်
သွားတဲ့ တောင်သူတွေကို ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါကြောင့် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတွေအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီးတွေမှာ
မိုးသီးနှံများပျက်စီးမှုအနေနဲ့ ပဲတီစိမ်း ၆၇၆ ဧက၊ ပဲစင်းငုံ ၈၆၄ ဧက၊ မြေပဲ ၈၉၇ ဧက၊
နှမ်း ၇၁၆ ဧက၊ နေကြာ ၁၂၄ ဧက၊ အခြားသီးနှံ ၃၃၉၄ ဧက၊ လက်ဖက် ဧက ၁၅ဝ၊ အခြားနှစ်ရှည်သီးနှံ
၁၇ ဧက ပျက်စီးခဲ့ပါတယ်။ ဒီသီးနှံတွေ အချိန်မီ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးနဲ့
အခြားဝင်ငွေရသီးနှံတွေ အစားထိုးစိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။
ဦးမြင့်ဇော်
ဒုတိယညွှန်ကြားရေးမှူးချုပ်
စက်မှုလယ်ယာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်
စက်မှုလယ်ယာဦးစီးဌာန
ရေကြီးနစ်မြုပ်သွားတဲ့ မြေဧကတွေကို အချိန်မီစိုက်ပျိုးထွန်ယက်နိုင်ဖို့ စက်မှုလယ်ယာ
ဌာနအနေနဲ့ ဌာနပိုင်ထွန်စက်တွေနဲ့ ထွန်ယက်ပေးမှာဖြစ်သလို ရေနစ်မြုပ်သွားတဲ့ တောင်သူပိုင်
လက်တွန်းထွန်စက်တွေနဲ့ ထွန်စက်ကြီးတွေကိုလည်း အချိန်မီ လုပ်ငန်းခွင်ဝင်ရောက်နိုင်အောင်
ပြန်လည်ပြုပြင်ဖို့ ကျွန်တော်တို့ဌာနက ဆောင်ရွက်ပေးသွားပါမယ်။
အချိန်မီစိုက်ပျိုးနိုင်ဖို့ လယ်ယာသုံးစက်ကိရိယာဖြစ်တဲ့ ထွန်စက် အစီး ၂၇ဝ ကျော်နဲ့
ထွန်ယက်နိုင်ဖို့ စုစည်းပြီးဖြစ်သလို ရေကျသွားတာနဲ့ တစ်ကွက်ပေါ်ရင်တစ်ကွက် ထွန်ယက် ပေးသွားမှာပါ။
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ ထွန်ယက်ပေးနေပါပြီ။
စက်များရွှေ့ပြောင်းပေးပို့ခဲ့မှုအနေနဲ့ကတော့ ရေကြီးနစ်မြုပ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း
တိုင်းဒေသကြီး ကလေးမြို့နယ်အတွက် မန္တလေးတိုင်းဒေသကြီးမှ ထွန်စက် ၃၅ စီး၊ နေပြည်တော်
မှ ထွန်စက် အစီး ၂ဝ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ ရေဦး၊ ဝက်လက် စက်မှုလယ်ယာစခန်းများ
မှ ထွန်စက် ၂၅ စီး စုစုပေါင်း ထွန်စက် အစီး ၈ဝ နဲ့ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွက်
နေပြည်တော်မှ ထွန်စက် ၁၅ စီးတို့ကို သြဂုတ်လ ၅ ရက်နေ့က ရွှေ့ပြောင်းပေးပို့ခဲ့ပါတယ်။
ရေနစ်မြုပ်ခဲ့တဲ့ ဒေသကတောင်သူတွေရဲ့ ပြုပြင်ဖို့မလိုအပ်တဲ့ လက်တွန်း ထွန်စက်တွေနဲ့
ထွန်ယက်နိုင်ရေး ကိုလည်း ကူညီပံ့ပိုးနေပါတယ်။ ထွန်စက် အစီးရေ ၂ဝဝဝ ကျော် နဲ့လည်း သီးနှံပျက်စီးတဲ့
တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ ဝင်ရောက်ထွန်ယက်နိုင်ရေးအတွက် စီမံ ထားပါတယ်။
ရေကြီးနစ်မြုပ်တဲ့ ဒေသတွေက တောင်သူတွေရဲ့ ထွန်စက်ကြီးတွေ၊ လက်တွန်း ထွန်စက်တွေနဲ့
ရေစုပ်စက်တွေ ပျက်စီးနေရင်လည်း ကျွန်တော်တို့ဌာနဝန်ထမ်းတွေနဲ့ အခမဲ့ ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။
။

No comments:
Post a Comment