ကျောက်တန်း သြဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လျက်ရှိသော မိုးလေဝသအခြေအနေအရ ရေကြီး ရေလျှံမှုများဖြစ်ပေါ်
လျက်ရှိရာ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအနီးရှိ ဇာမဏီအင်းရေလှောင်တမံနှင့် ကျောက်တန်းမြို့နယ်
ညောင်ဝိုင်းကျေးရွာအနီးရှိ ဘန့်ဘွေးကုန်းရေလှောင်တမံတို့ကို လုံခြုံစိတ်ချမှုရှိစေရေးအတွက်
ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနှင့် ပြည်သူများစိုးရိမ်ပူပန်စရာမရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်း ဦးစီးဌာနမှ သိရသည်။
တောင်ပိုင်းခရိုင်ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က
''ဒီဆည်နှစ်ခု စလုံးက ဒေသဖွံ့ဖြိုးရေးဇုန်များအတွက် သောက်သုံးရေရရှိအောင် အဓိကထားဆောင်ရွက်ခဲ့တာပါ၊
လက်ရှိအနေအထား အရ ပြည်သူတွေလုံးဝစိုးရိမ်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီဆည်တွေဟာ
နှစ်စဉ် ဒီအချိန်တိုင်းမှာ ကန်အတွင်း ရေသိုလှောင်ပမာဏ ပြည့်မီခဲ့တာများပါတယ်။ အဲ့ဒီတော့
ပိုလျှံတဲ့ရေတွေက ဒီလိုအချိန်ဆို ရေပိုလွှဲကနေ လျှံကျ လေ့ရှိပါတယ်။ ဒီနှစ်မှာ ထူးထူးကဲကဲ
ဖြစ်တဲ့ အနေအထားမျိုး မရှိပါဘူး။ ပြီးတော့ ဒီရေလှောင်တမံများဟာ အညာဒေသများဘက်မှာရှိတဲ့
ရေ လှောင်တမံများလို ရေစီးဆင်းလာ တာကိုတားပြီး လှောင်တဲ့ရေလှောင်တမံမျိုးမဟုတ်ပါဘူး။
ဒီမှာက ရေဆင်း ဧရိယာရယ်လို့တော့ မရှိပါဘူး။ ဥပမာ ဇာမဏီအင်းဆိုလို့ရှိရင် နဂိုတုန်းက
အင်းပါ။ ဒါကို ကျွန်တော်တို့က ရေချို ရရှိရေးအတွက် ရေလှောင်တမံ ပြန်လုပ်လိုက်တာပါ။
နှစ်စဉ်ကန် အပြည့် ရေသိုလှောင်ပမာဏက အမြင့် ၂၃ ပေ ရှိပါတယ်။ ဒီရေတွေက မိုးရေကိုသက်သက်
သိုလှောင်ထား တာဖြစ်ပြီး နှစ်စဉ်မိုးရာသီတိုင်း သိုလှောင်နေကျပါ''ဟုဆိုသည်။
''ဆည်တွေ ရေကြီးရေလျှံမှုနဲ့ ပတ်သက်ပြီး အများပြည်သူတွေ မစိုးရိမ်ကြစေချင်ပါဘူး။
လက်ရှိရေက နည်းနည်းပဲကျော်တာပါ။ လက်ရှိ ဒီနေ့ ရေအမှတ်အရဆိုရင် ဇာမဏီ ဆည်က အမြင့် ၂၄
ပေရှိပါတယ်။သတ်မှတ်ထားတဲ့ရေပြည့်အမှတ်ထက် တစ်ပေမြင့်ပါတယ်။ ဆည်တွေရဲ့ ရေပြည့်ရေလှောင်ပမာဏ
အမှတ်ကို ကျော်လွန်သွားတယ်ဆိုရင် မူလ ရေပိုလွှဲကနေပြီးတော့ မူလစီးမြဲ ချောင်းဟောင်းထဲကို
ရေကကျော်ပြီး ဆင်းသွားပါတယ်။ ပြီးရင်ချောင်း ကနေမှတစ်ဆင့် မြစ်ထဲစီးသွားပါ လိမ့်မယ်။
မူလချောင်းတွေမှာလည်း တချို့ တိမ်ကောသွားတဲ့နေရာတွေ ရှိပါတယ်။ အဲ့လိုနေရာတွေကလည်း လူတွေရဲ့
သက်ရောက်မှုကြောင့် တိမ်ကောသွားပြီး ဒီကဆင်းလာတဲ့ ရေက ချောင်းရဲ့အတိုင်းအတာ ပမာဏနဲ့
မလောက်တော့ဘဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာရ တာပါ။ ရေလျှံလို့ ဆည်တွေဖောက် ချရတယ်ဆိုတာမရှိပါဘူး။
ဘယ်ဆည် မှကျိုးတာလည်းမရှိပါဘူး။ ဒီရေ လှောင်တမံ နှစ်ခုစလုံးကလည်း အများကြီး လွတ်ပါသေးတယ်။
မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့ ဆည် တိုင်းမှာ ရေပိုလွှဲ(ရေလျှံပေါက်)ဆိုတာ ရှိပြီးသားပါ၊
ရေပြည့်ပမာဏကို ကျော်လွန်တာနဲ့ သူ့ဟာသူစီးဆင်း သွားမှာပါ''ဟုရှင်းပြသည်။
မြစ်ဝကျွန်းပေါ် ဒေသများသည် လွင်ပြင်ဒေသများ ဖြစ်သောကြောင့် ဆည်တည်ဆောက်ရန် လွန်စွာခက်ခဲ
ကြောင်း၊ ဇာမဏီအင်းရေလှောင်တမံ စီမံကိန်းမှာလည်း နဂိုမူလက အင်း ဖြစ်ခဲ့သည့်အတွက် ပြုပြင်ဆောင်ရွက်
ခဲ့ရပြီး တမံတုတ်ကာ ရေသိုလှောင်ခဲ့ ကြောင်း၊ ရေဆင်းဧရိယာ ၁၇၉၃ ဧက၊ ရေလှောင်တမံအမြင့်
၁၉ ပေ ရှိသော ဇာမဏီအင်းရေလှောင်တမံ နှင့် ရေဆင်းဧရိယာ ၅၅၅ ဧက၊ ရေလှောင်တမံအမြင့် ၂၄
ပေရှိသော ဘန့်ဘွေးကုန်း ရေလှောင်တမံတို့၏ မြေသားအမျိုးအစားမှာ မြေသားတမံ များဖြစ်ကြောင်းနှင့်
လက်ရှိ ရန်ကုန် တိုင်းဒေသကြီးအတွင်း ငမိုးရိပ်၊ မဟူရာ၊ ပေါင်လင်း၊ ကလီထော်၊ လဂွမ်းပြင်၊
တောင်လုံးမြှောင်၊ တဘူးလှ၊ ဇာမဏီနှင့် ဘန့်ဘွေးကုန်း ရေလှောင်တမံစီမံကိန်းတို့ဖြင့်
ရေ လှောင်တမံကိုးခုရှိကြောင်း ဆည် မြောင်းဦးစီးဌာနမှ သိရသည်။
စိုးဝင်း(SP)

No comments:
Post a Comment