နေပြည်တော် သြဂုတ် ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ၀န်ကြီးများ၊
တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ
မကွေးတိုင်းဒေသကြီး၊ မကွေးလေဆိပ်သို့ ရောက်ရှိသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဘုန်းမော်ရွှေနှင့်အတူ မကွေးတိုင်းဒေသကြီးအတွင်း ရေကြီး၊ရေလျှံမှု များဖြစ်ပွားလျက်ရှိသည့်
နေရာဒေသများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက် ကြည့်ရှုကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ပွင့်ဖြူမြို့သို့ ရောက်ရှိပြီး ပွင့်ဖြူမြို့ဝါစက်ရုံ၌
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းခဲ့မှု
အခြေအနေ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးတို့နှင့်
ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များ ကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက
တင်ပြသည့် လမ်းပန်းဆက်သွယ် ရေး၊ ကျန်းမာရေး လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်
အခြေ အနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူလူထုများအား
ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီးရင်းရင်းနှီးနှီး အားပေး နှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပွင့်ဖြူမြို့ စိုက်ပျိုးရေး သိပ္ပံကျောင်းသို့ ရောက်ရှိပြီး ဆရာ၊
ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့်တွေ့ဆုံကာ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ
ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်ရှိ ဂုဏ၀တီဘုန်းကြီးကျောင်းသို့
ရောက်ရှိပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသည်။
ထို့နောက် ကြီးအုံကြီးဝရေလှောင်တမံဘက်စုံစီမံကိန်း လုပ်ငန်းခွင်ရှင်းလင်း ဆောင်သို့ရောက်ရှိကြရာ
ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ၀န်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က
ကြီးအုံကြီးဝ ရေလှောင်တမံ အတွင်းရေ၀င် ရောက်မှုအခြေအနေနှင့်
ရေလှောင်တမံ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ဆည်ကြံ့ခိုင်မှု အခြေအနေများကို မပြတ် စစ်ဆေးကြပ်မတ်ရန်
လိုအပ်ကြောင်း၊ ဆည်အောက်ပိုင်း ဒေသရှိ ပြည်သူများကို ကောလာဟလသတင်းများ ဖြန့်ချိနေမှုများကို
သတင်းမှန် များ ထုတ်ပြန်ပေးခြင်းဖြင့် တုန့်ပြန်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆည်အတွင်း
နုန်းပို့ချမှု အခြေအနေများကို လေ့လာဆန်းစစ်ရန်နှင့် အခြားနိုင်ငံများ၏ အတွေ့အကြုံကိုလည်း
လေ့လာရန် လိုအပ်ကြောင်း၊ ကြီးအုံကြီးဝနှင့် မုန်းချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှထွက်ရှိသည့်
လျှပ်စစ်ဓာတ်အားနှင့်မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကိုအခြေခံသည့် အသေးစား
နှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကြီးအုံကြီးဝ ရေလှောင် တမံ ဆည်ဦးစေတီရှုရပ်မှနေ၍
ရေလှောင်တမံအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။
ထိုမှတစ်ဆင့် ကြီးအုံကြီးဝရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိ လာရာ
စက်ရုံမှူးက စက်ရုံအတွင်း လှည့်လည် ရှင်းလင်းပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကြီးအုံကြီးဝ ရေလှောင်တမံ ရေပိုလွှဲနှင့် ရေလှောင်တမံအတွင်းသို့
မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြီးအုံကြီးဝရေလှောင်တမံ၌ ညအိပ်အခြေပြု
ရပ်နားသည်။
ကြီးအုံကြီးဝ ရေလှောင်တမံ၏ နှစ်အလိုက် ဇူလိုင်လအတွင်း မိုးရေချိန်နှင့် ၀င်ရေပမာဏများမှာ
၂၀၁၂ ခုနှစ်တွင် မိုးရေချိန် ၂ ဒသမ ၈၉ လက်မ ၀င်ရေ ၅၉၈၅၄၇ ဧကပေ၊၂၀၁၃ ခုနှစ်တွင် မိုးရေချိန် ၅ ဒသမ ၁၇ လက်မ ၀င်ရေ ၃၄၄၀၇၈ ဧကပေ၊ ၂၀၁၄ ခုနှစ်တွင်
မိုးရေချိန် ၅ ဒသမ ၀၈ လက်မ ၀င်ရေ ၄၁၇၄၆၄ ဧကပေနှင့် ၁၀၁၅ ခုနှစ်တွင် မိုးရေချိန် ၁၅
ဒသမ ၀၇ လက်မ ၀င်ရေ ၁၃၂၃၈၀၃ ဧကပေဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)








No comments:
Post a Comment