နေပြည်တော် သြဂုတ် ၆
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်
တပ်မတော်အနေဖြင့် လူအင်အားနှင့် ယာဉ်၊ ယန္တရားများကို ထုတ်နုတ်နိုင်သမျှ အစွမ်းကုန်
အသုံးပြု ဆောင်ရွက်နေသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စွမ်းအားပြည့်
ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထိုသို့ စေတနာမှန်ဖြင့် လုပ်ဆောင်နေသော်လည်း လူမှုကွန်ရက်အချို့က
တပ်မတော်၏ ရေဘေး ကယ်ဆယ်ရေးဆောင်ရွက်မှုများအပေါ် မဟုတ်မမှန်ပုတ်ခတ်ပြောဆိုမှုများကို စိတ်မကောင်းစွာ
ကြားသိရပါကြောင်း၊ အချို့သော
ကယ်ဆယ်ရေး လုပ်ငန်းများ၊ အထူးသဖြင့် ဆိုးရွားသည့် ရာသီဥတုနှင့်
ခက်ခဲသည့် မြေအနေ အထားတွင် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်း
များသည် သက်စွန့်ဆံဖျား လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မကောင်းသည့်အမြင်ဖြင့်
တိုက်ခိုက်ပြောဆိုမှုများရှိပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင်
အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေသည်ကို နားလည်ပေးစေလိုပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် အင်္ဂပူမြို့နယ်ခန်းမ၌ ဒေသခံပြည်သူ
များအား တွေ့ဆုံအားပေး စကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး
သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ
ယနေ့နံနက် ၈ နာရီတွင် မင်္ဂလာဒုံလေတပ်စခန်းဌာန ချုပ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်
လှူဒါန်းသည့်ထောက်ပံ့ရေးပစ္စည်းများလက်ခံသည့် ဌာနသို့ရောက်ရှိပြီး လှူဒါန်းမှုအခြေအနေများကို
ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ထောက်ပံ့ရေးပစ္စည်းများ
လာရောက်လှူဒါန်းနေသည့် မွန်ပြည်နယ် မုဒုံမြို့မှ သံဃာတော်များနှင့် မြို့သူမြို့သားများ
အား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားသည်။ ဆက်လက်၍ လှူဒါန်းသည့်ပစ္စည်းများ မှတ်ပုံတင်
စာရင်းသွင်းလက်ခံနေမှု အခြေအနေများ၊ ရေဘေးသင့်ဒေသများသို့ ပို့ဆောင်ရန် လေယာဉ်ပေါ်သို့
တင်ဆောင်နေမှု အခြေအနေများနှင့် လှူဒါန်း ပစ္စည်းများ ထားသိုထိန်းသိမ်းထားရှိမှုအခြေအနေများကို
လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်သို့
ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မည့်ရဟတ်ယာဉ်နှင့်အတူ ဆက်လက် ထွက်ခွာပြီး ဧရာဝတီတိုင်းဒေသကြီး
အတွင်း ရေလွှမ်းမိုးမှုအခြေအနေများကို လိုက်လံကြည့်ရှုသည်။
ထို့နောက် အင်္ဂပူမြို့သို့ရောက်ရှိရာ
အားကစားကွင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အင်္ဂပူမြို့နယ်အတွင်း
ရေဝင်ရောက်နေမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ရေလွတ်ရာသို့ နယ်မြေအတွင်းရှိလှေများ၊
တပ်မတော်ဖိုက်ဘာ စက်လှေ များဖြင့် သယ်ဆောင်သည်။
ဆက်လက်၍ တပ်မတော်ကမ်းထိုးရေယာဉ်များဖြင့်
ရေလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရေးနှင့် လတ်တလောရေဘေးသင့် ပြည်သူများ လိုအပ်သည့်
ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်ဥများအား ရန်ကုန်မြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် အမြန်ပို့ဆောင်ရေး
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး အင်္ဂပူမြို့နယ်ခန်းမတွင်
ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး
ဝန်ကြီးချုပ်တို့က အင်္ဂပူမြို့နယ်အတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ရေဘေးကယ်ဆယ်ရေးစခန်းများ
ဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများနှင့် စားဝတ်နေရေး စီစဉ်ဆောင်ရွက် ပေးနေမှုအခြေအနေများကို
ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ်အတွင်း မိုးလေဝသအခြေအနေ ပြောင်းလဲမှုများကြောင့်
သဘာဝဘေးဒဏ်များဖြစ်ပေါ် ခံစားနေရသည်မှာ မိမိတို့ တစ်နိုင်ငံတည်းမဟုတ်ဘဲ ကမ္ဘာနှင့်အဝန်းဖြစ်ပါကြောင်း၊
သဘာဝဘေးအန္တရာယ်များ ရင်ဆိုင် ကြုံတွေ့ရသည့်အချိန်တွင် ညီညီညွတ်ညွတ်ဖြင့် အောင်မြင်စွာ
ဖြတ်ကျော်ရမည်ဖြစ်ပါကြောင်း၊ ရေကြီးမှုဒဏ်ကို လူများသာမက ကျွဲ၊ နွား တိရစ္ဆာန်များပါ
ခံစားနေကြရာ ဦးစွာအသက်ရှင် ရပ်တည်နိုင်ရေးအတွက် ဘေးကင်းရာသို့ရွှေ့ပြောင်းခြင်း၊ စားသောက်
ရေးကိစ္စများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဒုက္ခရောက်ချိန်တွင်
လူ့သဘော သဘာဝအရ လိုအပ်မှုဆန္ဒများ ပိုမိုပြင်းထန်လာတတ်သည်ကို သိရှိနားလည်ပြီး စီမံခန့်ခွဲသူများအနေဖြင့်
ထောက်ပံ့ကူညီမှုများကို အတတ် နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ပေးစေလိုပါကြောင်း။
ယခုကူညီထောက်ပံ့မှုများသည်
လတ်တလောတွင် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကူညီထောက်ပံ့ခြင်းသာဖြစ်ပြီး ရေကျသွားချိန်တွင်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ယင်းကိစ္စအားလုံးတွင် တပ်မတော်မှလိုအပ်သည့် လုပ်အား၊ ငွေကြေးနှင့် ပို့ဆောင်ရေးတို့ကို
တတ်စွမ်းသရွေ့ ပါဝင်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း
ကယ်ဆယ်ရေးလုပ်ငန်းများအား နိုင်ငံနှင့်အဝန်း ဖြန့်ခွဲဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့်
တပ်မတော်၏ ကယ်ဆယ်ရေး ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ အားနည်းချက်များရှိပါက
နားလည်ပေး စေလိုပါကြောင်း၊ အစိုးရအဆက်ဆက်က တည်ဆောက်ခဲ့သည့် ဆည်များသည်လည်း ရေဘေးအန္တရာယ်
ကာကွယ်မှုအတွက် လွန်စွာ အရေးပါသည်ကို တွေ့ရှိရသဖြင့် ၎င်းဆည်များကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ပါကြောင်း၊
ကိုယ့်ဘဝ၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားမလျှော့ကြဘဲ ကိုယ်တိုင်ကြိုးစား အားထုတ်ခြင်း၊
စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို
အောင်မြင်စွာဖြတ်ကျော်နိုင်စေရန် ဆုမွန်ကောင်းတောင်းပါ ကြောင်း ပြောကြား သည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်က ရေဘေးသင့်ပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့်
ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက် အင်္ဂပူမြို့မှ
ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။
တွေ့ဆုံပွဲအပြီးတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ
နှုတ်ဆက်ပြီး အင်္ဂပူမြို့ အတွင်း ရေဝင်ရောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ဟင်္သာတမြို့သို့ရောက်ရှိကြပြီး တာပေါင်သဲအိတ်များဖြင့်
တာထောက်ခြင်းလုပ်ငန်းနှင့် အမြင့်ပေ မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ
ကြည့်ရှု စစ်ဆေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာထောက်သည့် လုပ်ငန်းများတွင် အားအပြည့်အဝရရှိစေရန်
အတွက် သဲအိတ်များကို သတ်မှတ်ပုံစံအတိုင်း စနစ်တကျထားရှိဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားသည်။
ယင်းနောက် တာပေါင်တစ်လျှောက်
တပ်မတော်သားများနှင့် ဒေသခံ ပြည်သူများလုပ်အားပေးဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး
ထောက်ပံ့ငွေ နှင့်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ဟင်္သာတမြို့
ပြည်လုံးကပ်ကျော်ဦးပါရဲစေတီတော်မြတ်သို့ သွားရောက်ပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူ၍
ဂေါပကအဖွဲ့ထံ အလှူငွေ ပေးအပ်ကာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ဟင်္သာတမြို့
ပျဉ်းမချောင်းရပ်ကွက်ရှိ ကြာခံပရိယတ္တိ စာသင်တိုက်တွင် ဒေသခံပြည်သူများအား တွေ့ဆုံအားပေး
စကားပြောကြားပြီး ပျဉ်းမချောင်းရပ်ကွက်နှင့် ညောင်ပင်ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအတွက်
ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ရပ်ကွက်အတွင်း ရေဝင်ရောက်မှု အခြေအနေကို လိုက်လံကြည့်ရှုသည်။
ယင်းနောက် ညောင်ပင်ရပ်ကွက်ဓမ္မာရုံတွင်
ရေဘေးသင့်ပြည်သူများ အားတွေ့ဆုံပြီး အားပေးစကားပြောကြားကာ တပ်မတော် ဆေးအဖွဲ့များ စေလွှတ်၍
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေး သည်။
ထို့နောက် ဟင်္သာတမြို့
မြနဒီခန်းမ၌ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်း များနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့်
ပစ္စည်းများ ပေးအပ်ရာ မြို့နယ်ရေဘေး ကယ်ဆယ်ရေးကော်မတီက လက်ခံရယူပြီး မြို့မိမြို့ဖတစ်ဦးက
ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဟင်္သာတမြို့မှ ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးသို့
ရောက်ရှိကြပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူ၍ ရုပ်ပွားတော် မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်သည်။
ယင်းနောက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး အလှူငွေများပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
ဇလွန်မြို့ ကမ်းနားရပ်ကွက်တာပေါင်သို့ သွားရောက်ပြီး ဧရာဝတီမြစ် ရေမြင့်တက်နေမှု အခြေအနေများကိုကြည့်ရှု၍
တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း
ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေ ထူးကဲစွာမြင့်တက်လာမှုကြောင့် ပုသိမ်ခရိုင်၊ ဟင်္သာတ ခရိုင်နှင့်
မအူပင်ခရိုင်များရှိ မြို့နယ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်
အိမ်ထောင်စု ၉၄၇၅ စု၊ လူဦးရေ ၃၄၂၅၇ ဦးတို့အား ရေဘေးကယ်ဆယ်ရေး စခန်း ၁၇ဝ ဖွင့်လှစ်ပြီး
ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment