Friday, August 7, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ရောက်ရှိ၊ စစ်တွေမြို့ ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ


နေပြည်တော် သြဂုတ် ၆
မကွေးတိုင်းဒေသကြီးတွင် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြသလွန် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် စေတီတော်ရင်ပြင်ပေါ်ရှိ မဟာဝိဇယရံသီ တန်ဆောင်းမှနေ၍ စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်သမ္မတက စေတီတော်မြတ်ကြီးအတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံပေးအပ်ပြီး ဂေါပကအဖွဲ့က အမှတ်တရ လက်ဆောင် ပြန်လည်ပေးအပ်သည်။











ထို့နောက် နိုင်ငံတော်သမ္မတသည် စေတီတော်မြတ်ကြီး၏ ဧည့်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်သည်။ ယင်းနောက် ပွင့်ဖြူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် လှူဒါန်းမည့် စေတနာရှင် ပြည်သူများကို တွေ့ဆုံ၍ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ တို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာကြရာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ် တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဆိုင်ကလုန်း မုန်တိုင်း ကိုမန်ကြောင့် ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ရေကြီးရေလျှံ မှုဖြစ်စဉ်များအတွင်း သေဆုံးခဲ့ရသည့် ပြည်သူများ အတွက် မိသားစုများနှင့် ထပ်တူ ၀မ်နည်းပါကြောင်း၊ အသက်ရှင်ကျန်နေသူများ ဆက်လက်ရှင်သန်ရေး၊ ပြန်လည်ထူထောင် နိုင်ရေးတွက် အစွမ်းကုန်ကူညီပေး မည်ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်ချိန်တွင် စားသောက်ရေးသာမက အ၀တ်အထည်နှင့် နေ့စဉ်အသုံးအဆောင် လိုအပ်ချက်များပါ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြန် လည်ထူထောင်ရာတွင် နေအိမ်များပြန်လည်ပြင်ဆင်နိုင်ရေး၊ မျိုးစပါးများရရှိရေး၊ ငါးဖမ်းလုပ်ငန်းအပါအ၀င် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ ရရှိရေးတို့ကို ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ အားလုံးက လူသားချင်းစာနာစိတ်၊ မျိုးချစ်စိတ်၊ တာဝန်သိမှု၊ တာဝန်ရှိမှု တာဝန်ယူမှုများဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။
ထို့နောက် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ဆိုင်ရာများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် ကြရာ ကမ္ဘောဇဘဏ်လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ငွေကျပ်သိန်း (၆၀၀၀)၊ ရွှေသံလွင် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ငွေကျပ် သိန်း(၈၆၀၀)၊ စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦး ကငွေကျပ်သိန်း (၆၀၀၀) တို့ကို အသီးသီး ပေးအပ်လှူဒါန်း ကြရာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စစ်တွေမြို့ တွင်းနှင့် ကမ်းနားလမ်း တစ်လျှောက်သို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ထွက်ခွာပြီး မြောက်ဦးမြို့သို့ရောက်ရှိကြရာ တိုင်းမှူးဗိုလ်ချုပ်အောင်လင်းဒွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြောက်ဦးမြို့ အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် ဒေါက်တာ အရိယ၀ံသအား သွားရောက်ဖူးမြော်ပြီး ရေဘေးသင့်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိ မှု အခြေအနေများကို လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အလိုတော်ပြည့်ကျောင်းဓမ္မာရုံ၌ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံကာ ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မင်းပြားမြို့သို့ရောက်ရှိပြီး ရာမောင်ခန်းမ၌ ရေဘေးသင့်ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို တင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေး အပ်သည်။ ထို့နောက် ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

No comments:

Post a Comment