Saturday, August 8, 2015

တပ်မတော်အနေဖြင့် ချင်းပြည်နယ်အတွက် လိုအပ်ချက်များကို တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမည်










နေပြည်တော် ဩဂုတ်  ၈

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ကလေးမြို့မှတဆင့် ချင်းပြည်နယ်  ဟားခါးမြို့သို့ ရောက်ရှိကြရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးဟောက်ခင်းခမ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက် ပြည်နယ်အစိုးရရိပ်သာတွင် ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချင်းပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ် ဖြစ်သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ ထင်မှတ်ထားသည်ထက် ပိုမိုများပြားသည်ကို တွေ့မြင်ရပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြောင့် အသက်ဘေးအန္တရာယ် မရှိအောင် ရွှေ့ပြောင်းပေးရခြင်း၊ ရေဘေးသင့် ပြည်သူများအတွက် စားဝတ်နေရေးနှင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးနေသည် ကိုလည်း တွေ့ရှိရ ပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း စားရေးအတွက်အဓိကလိုအပ်သည့် ဆန်၊ဆီ၊ဆား၊ပဲ တို့အား လေယာဉ်၊ ရဟတ်ယာဉ်၊  မော်တော်ယာဉ်များဖြင့် အတတ်နိုင်ဆုံး ထောက်ပံ့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊  ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့မှ ဘိလပ်မြေအိတ် တန် ၁၀၀၀ အပါအဝင် အမိုးသွပ် ၅၀၀၀ ချပ်၊ သံချောင်းလုံးနှင့် အိမ်ရိုက်သံတို့ကို  ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ကားလမ်းများ ပိတ်ဆို့နေမှုများကို ပြုပြင်ဖယ်ရှား ရှင်းလင်းရာတွင်လည်း တပ်မတော်မှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရုန်းတောင်ပြိုကျမှု အခြေအနေကို ဘူမိဗေဒပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်ရာတွင်လည်း ပြည်သူများနားလည်အောင် ရှင်းလင်း ပြောကြားရန် လိုအပ်ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ထောက်ပံ့ရေးပစ္စည်းများအား ပြည်သူလူထု လက်ဝယ်သို့ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ရောက်ရှိစေရေး မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်း၊ မြို့နယ်စည်ပင်သာယာ အဖွဲ့နှင့် မြို့မိမြို့ဖများ ပူးပေါင်းစီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် ဗိုလ်ကြွမ်ဘိခန်းမ၌ သဘာဝဘေးဒဏ်သင့် ပြည်သူများအား တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချင်းပြည်နယ်တွင်ဖြစ်ပေါ်ခံစားနေရသည့် သဘာဝဘေးဒဏ် များအတွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ တပ်မတော်အနေဖြင့်  ချင်းပြည်နယ်အတွက် လိုအပ်ချက်များကို တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ဘိလပ်မြေ၊သံချောင်း၊အမိုးသွပ်နှင့် အိမ်ရိုက်သံများကိုလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ စားရေးအတွက် အခက်အခဲမဖြစ်စေရန် တပ်မတော်ရိက္ခာအတွက် ဝယ်ယူထားသော ဆန်များကို မူလဝယ်ဈေးအတိုင်း ပြန်လည်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်ရှိကားလမ်း အခက်အခဲရှိချိန်တွင် ဆန်၊ဆီ၊ဆား၊ပဲတို့အား လေကြောင်းမှ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ကားလမ်းများ ပျက်စီးမှုများ ကိုလည်း ဝိုင်းဝန်းကူညီပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ ရေရှည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ရပ်မိရပ်ဖများ၏ ဦးဆောင်မှု၊ ဒေသခံပြည်သူများ မခိုမကပ်ဘဲ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် မည်သည့် အခက်အခဲကိုမဆို အောင်မြင်စွာကျော်လွှား နိုင်မည်ဖြစ်ကြောင်းဖြင့် အားပေးစကား ပြောကြားသည်။

ယင်းနောက် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှက ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။    

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ရုန်းတောင် ပြိုကျမှုကြောင့် ဟားခါးမြို့ဟောင်း မြေပြိုကျမှု အခြေအနေများကို လိုက်လံကြည့်ရှုကြပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသည်။ 

ယင်းနောက် ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ်(၂^၂) နှင့်(၂^၃)ကြားတွင် လမ်းပြိုကျနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး တပ်ဧရိယာအတွင်းမှ ရှောင်ကွင်းလမ်း ဖောက်လုပ်ရန် အတွက် လမ်းအူကြောင်းရှာဖွေရေး ညှိနှိုင်းဆွေးနွေးကြသည်။

၎င်းနောက် စစ်ဗျူဟာအဖွဲ့(အခြေချ) (ဟားခါး)ရှိ တပ်နယ်ခန်းမတွင် ဟားခါးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရာသီဥတုအေးခြင်း၊ မိုးများခြင်း၊ သွားလာမှုခက်ခဲခြင်းများ ရှိသောဒေသဖြစ်၍ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးဒဏ်များနှင့် ပတ်သက်၍ အတွေ့အကြုံများပေါ်တွင်မူတည်ပြီး ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတပ်တည်ဆောက်ရေး ကိုသာမက သဘာဝဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း တပ်မတော်သားများပီပီ ပြည်သူ့အတွက် ဦးစားပေး ဆောင်ရွက်ရန် စိတ်နှလုံးသွင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှက တပ်နယ်မှ အရာရှိ၊စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ စစ်ဗျူဟာမှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) အစည်းအဝေးခန်းမတွင် ကလေးတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိများကို တွေ့ဆုံသည်။ ဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း သဘာဝဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုကာလအတွင်း ထူးထူးခြားခြား ရေကြီးရေလျှံမှု များကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များအား နိုင်ငံနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့ နေကြရကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များအလိုက် သဘာဝဘေးဒဏ်ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် လူ၊တိရိစ္ဆာန်များ အသက်ဆုံးရှုံးမှု၊ အဆောက်အဦ၊ လမ်းတံတား၊ ဥစ္စာပစ္စည်းဆုံးရှုံးမှုများအား အထိုက်အလျောက် ကာကွယ် စောင့်ရှောက် နိုင်ခဲ့ကြောင်း၊ သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်လာပါက တပ်မတော်အနေဖြင့် ကာကွယ် စောင့်ရှောက်ရမည့် ကဏ္ဍ သီးခြားရှိသကဲ့သို့  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ကြမည့် တပ်များအနေဖြင့် မိမိအသိစိတ်ဓာတ်ဖြင့် သဘာဝဘေးဒဏ် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်မှုများ အတွက်လည်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ထိုသို့ ကောင်းမြတ်သည့် တပ်မတော်၏ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တပ်မတော်သားအရာရှိ၊ စစ်သည်များအနေဖြင့် သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းများ ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်နေသော်လည်း တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲပုတ်ခတ်ပြောဆိုမှုများ ရှိနေသဖြင့် ပြည်သူမှ အထင်အမြင် လွဲမှားစေနိုင်သည့် အပြုအမူများ၊ အမှားအယွင်းများ လုံးဝမရှိစေရေး ကြပ်မတ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လတ်တလောဆောင်ရွက်နေသည့် သဘာဝဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများအပြင် အချိန်ယူပြီးလုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်၍ စိတ်ရှည် သည်းခံပြီး မျှတမှန်ကန်စွာဖြင့် စေတနာထား လုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်းဖြင့်  မှာကြားသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ အတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀၀ အား ပေးအပ်ရာ ဒေသကွပ်ကဲရေးမှူး က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment